အစ်ကိုဂျွန်မြောင်မှ ကျွန်တော် ဘတ်ဟျွန်းအကြောင်း သိချင်သည်ဆိုသဖြင့် သူ၏ညီဖြစ်သူ ကိုကို့သူငယ်ချင်း ဂျုံအင်နှင့် တွေ့ဆုံနိုင်ရန် ချက်ချင်းပင် စီစဥ်ပေးခဲ့သည်။
ဆေးရုံအောက်ထပ် ဧည့်သည်များနားနေရန် ထားရှိပေးသည့် ခုံတန်းများကြား အစ်ကိုဂျွန်မြောင်နှင့်အတူ ထိုင်စောင့်နေဖြစ်သည်။
သိပ်မကြာလိုက်...
"ဂျုံအင်''
ဆေးရုံအပေါက်ဝတွင် ရပ်နေပြီး ဖုန်းခေါ်ရန်ပြင်နေသည့် ညီဖြစ်သူအား လက်ပြကာ လှမ်းခေါ်လိုက်သည့် အစ်ကိုဂျွန်မြောင်။ ကျွန်တော်တို့၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ အစ်ကိုဂျွန်မြောင်အား နှုတ်ဆက်စကားဆိုပြီး ကျွန်တော့်ကိုပါ နှုတ်ဆက်လာသည့် ကိုကို့သူငယ်ချင်း။
ကိုကိုကဲ့သို့ပင် ရှိန်ချင်စရာကောင်းသည့် မျက်နှာပေါက်ဟာ အစ်ကိုဂျွန်မြောင်နှင့် ညီအစ်ကိုဟု ယုံကြည်နိုင်စရာမရှိ။
အစ်ကိုဂျွန်မြောင် စကားပျိုးထားသည် ထင်ပါရဲ့။ မေးရခက်သည့် ကျွန်တော့်အခြေအနေအား နားလည်စွာပင် အလိုက်တသိ ပြောပြလာသည်။
"အစ်ကိုက ချန်းယောလ်နဲ့ ဟိုးငယ်ငယ်လေးထဲက ပေါင်းလာတာ အခုထိပဲဆိုပါတော့။ အရင်က သတိမထားမိပေမဲ့ ဘတ်ဟျွန်းနဲ့ကျမှ ဒီကောင် တော်တော်ကြီး အစွဲအလမ်းကြီးမှန်း သိရတော့တယ်။ အစ်ကိုသိတဲ့ ချန်းယောလ်ဆိုတာ အနေအေးပြီး စကားတောင် အစ်ကိုတစ်ခွန်းပြောရင် သူကပြန်ပြောချင်မှပြောတာ။
.
ဒါပေမဲ့ အစ်ကိုတို့ အလယ်တန်း... ဘယ်နှစ်လဲတော့ သတိမရတော့ဘူး... ထားပါ။ အဲ့နောက်ပိုင်း စကားအရမ်းများလာတယ်။ အစ်ကိုတင်မဟုတ်ဘဲ စာသင်ခန်းတစ်ခန်းလုံး သတိထားမိကြတာ။ သူပြောတဲ့ စကားတိုင်းက ကလေးလေး တစ်ယောက်အကြောင်း...။
.
ဘယ်လိုချစ်ဖို့ကောင်းတာ... ဘယ်လိုစကားတတ်တာ... ဘယ်လိုလူလည်ကျတာ... ဘယ်လိုဂျီကျပြီးဆိုးတာ... တစ်နေ့တစ်နေ့ မရိုးနိုင်ဘူး။
.
အတန်းထဲက ညီ၊ညီမ အငယ်ရှိတဲ့ အတန်းဖော်တွေနဲ့လဲ စကားဝိုင်းဖွဲ့တတ်လာတယ်။ သားသမီးရှိတဲ့ ဆရာ၊ဆရာမတွေကို ကလေးတွေဘာကြိုက်တတ်လဲ... ဆောင်ရန်ရှောင်ရန်တွေ သွားမေးတတ်လွန်းလို့ တစ်ခါကဆို သားအမေက ကိုယ်ဝန်ကြီးနဲ့လားလို့ အမေးခံရတဲ့အထိပဲ။
.
အာ... မှတ်မိပြီ။ အဲ့ဒါ အလယ်တန်းနောက်ဆုံးနှစ်တုန်းက။ ဘာလို့ဆို နောက်နှစ် အထက်တန်းပထမနှစ် စတတ်တဲ့အချိန် ချန်းယောလ် ရုတ်တရက်ကြီး ပြောင်းလဲသွားတော့ သူငယ်ချင်းတွေအကုန် အံသြနေခဲ့တာ။ သူပြောနေကျ ကလေးလေးအကြောင်း သွားမေးရင်လဲ မကြိုက်ဘူး။ သူငယ်ချင်းတွေက သူပြောပြလို့ အဲ့ကလေးလေးကို မမြင်ဖူးပေမဲ့ ချစ်နေကြတာ။ နောက်တော့လဲ သူ့ရဲ့ အေးစက်စက်ပုံစံကို အသားကျသွားကြတာပါပဲ။
.
အဲ့လိုနေနေရင်း... တက္ကသိုလ်တက်ခါနီးကျမှ အရက်သောက်ရင်း မူးမူးနဲ့ ဒီကောင်က အကြောင်းစုံပြောပြလာတာ။ အထက်တန်းစတက်မယ့်နှစ်မှာထဲက အဲ့ကလေးလေးက ကားမှောက်ပြီး အသက်ဆုံးရှုံးသွားပြီဖြစ်ကြောင်း... ကျောင်းအရမ်းတတ်ချင်တဲ့ကလေးက ကျောင်းတောင်မတတ်လိုက်ရတဲ့အကြောင်း... သူလက်ဆောင်ပေးမယ့် ပစ္စည်းတွေကိုလဲ မမြင်လိုက်ရတဲ့အကြောင်း... သူသာ လက်ဆောင်စောစောပေးခဲ့ရင် ပျော်သွားတဲ့ ကလေးမျက်နှာလေး မြင်လိုက်ရမှာဆိုပြီး နောင်တရတဲ့အကြောင်း မူးတိုင်းပြောတော့တာပဲ။
.
အစ်ကိုတို့ကျောင်းပြီးတော့ အဲ့ကလေးနဲ့တူတဲ့ ကောင်လေးတစ်ယောက်ကို တွေ့မိတယ်ဆိုပြီး ပြောပြလာတယ်။ ပထမတော့ မဟုတ်လောက်ပါဘူး တွေးနေရင်း ဒီကောင်က ပြောပါများလာတော့ အစ်ကိုကလဲ သူစိတ်ချမ်းသာရင်ပြီးရော လွှတ်ထားလိုက်တာ။ အစ်ကို နိုင်ငံခြားမှာ ကျောင်းသွားတက်တော့ သူနဲ့ နည်းနည်းအဆက်အသွယ် ပြတ်သွားခဲ့တယ်။
.
အဲ့ကြားထဲ ဘာတွေဖြစ်သွားလဲ မသိလိုက်ပေမဲ့ သူအခြေအနေ တော်တော်ဆိုးနေပြီလို့ သတင်းရတော့မှ အစ်ကိုပြန်လာဖြစ်တာ။ ဆက်သွယ်လို့လဲ မရတော့ဘူးလေ။ အိမ်ပေါ်ကနေပါဆင်းသွားတာ။
.
အစ်ကိုစုံစမ်းကြည့်တော့ ဘတ်ဟျွန်းမိဘတွေနဲ့ ချန်းယောလ်မိဘတွေက စီးပွားရေးကိစ္စနဲ့ ရန်ငြိုးရှိခဲ့တယ်ထင်တယ်။ ဘတ်ဟျွန်းမိဘတွေ စီးပွားပျက်တာရော... မိသားစုလိုက် ကား accident ဖြစ်အောင်ပါ ချန်းယောလ်အဖေက လုပ်ကြံခဲ့တယ်လို့ ကြားတယ်။ ဘတ်ဟျွန်းက ကံကောင်းလို့ အသက်ရှင်ခဲ့ပေမဲ့... အကြောင်းစုံသိနေ မှတ်မိနေခဲ့တဲ့အတွက် ချန်းယောလ်အဖေကို ရှောင်တိမ်းရင်း လမ်းမှာကားတိုက်မှုဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်။ အဲ့အကြောင်းတွေကို ချန်းယောလ်က နောက်မှ သိခဲ့ရတာ။
.
အဲ့ကထဲက ချန်းယောလ် သူ့အဖေကိုစိတ်နာပြီး အိမ်ကနေထွက်သွားတာပဲ။ အစ်ကိုတို့လဲ မရမက လိုက်ရှာရင်း ပြန်တွေ့တော့ ချန်းယောလ်က ပုံမှန်မဟုတ်တော့ဘူး။ သူ့အမေဘက်က ဆုံးသွားတဲ့ အဖွားရဲ့အိမ်မှာ တစ်ယောက်ထဲ သွားနေနေပြီး... အကုန် သူ့ကြောင့် ဖြစ်သမျှ သူ့ကြောင့် ဆိုပြီး သူ့ကိုယ်သူ အပြစ်တင်နေခဲ့တာ။ အစ်ကိုတို့ဆို ဆေးရုံပို့ဖို့တောင် စီစဥ်နေခဲ့ကြတာ။ သူငယ်ချင်းတွေ တစ်ယောက်တစ်လှည့် သူနဲ့နေခဲ့ပြီး မျက်ခြေမပြတ် စောင်ကြည့်ခဲ့ရတာ။
.
တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်ပြီ... အခြေအနေကောင်းပြီဆိုမှ... သူကိုယ်တိုင်လဲ သူ့ကိုယ်သူ ထိခိုက်အောင် ဘာမှမလုပ်တော့ဘူးလို့ ကတိပေးမှ အစ်ကိုတို့ စိတ်ချလက်ချ ထားနိုင်ခဲ့တာ။ တကယ်လဲ ချန်းယောလ်က ကတိတည်ခဲ့ပါတယ်။ အလုပ်ကိုအာရုံပြန်စိုက်ပြီး သူ့အဖေ company ကို ဦးစီးနိုင်ခဲ့တယ်။ ချန်းယောလ်အဖေကတော့ သူ့သားပျောက်သွားကထဲက ရောဂါပိုပိုဆိုးလာပြီး နောက်ပိုင်း လေဖြတ်ပြီး အိပ်ရာထဲလဲသွားတော့တာပဲ။
.
ချန်းယောလ်သတင်း ဟိုတစ်စ ဒီတစ်စ ကြားပေမဲ့ ရည်းစားရှိတယ်လို့ပဲ ထင်ထားခဲ့တာ။ အစ်ကို့ wedding ကျမှ သူလက်ထပ်ထားမှန်း... အဲ့ဒါကလဲ ဘတ်ဟျွန်းမှန်း သိတာ။ ဘယ်လောက်ပြောပြော ဘတ်ဟျွန်းက မသေဘူး... ဘတ်ဟျွန်းက သူနဲ့ လက်ထပ်ပြီးနေပြီပဲ ပြောနေတာ။ အရင်တစ်ခါလို ဖြစ်မှာဆိုးလို့ လွှတ်ထားခဲ့ရပေမဲ့ အမြဲစောင့်ကြည့်နေခဲ့တာ။ သူ့အနား ဘတ်ဟျွန်း ဘယ်လိုရောက်လာသလဲ စုံစမ်းခဲ့ပေမဲ့ ဘာဆိုဘာမှ စုံစမ်းလို့မရခဲ့ဘူး။
.
အခုမှ ဘတ်ဟျွန်းက ဝမ်အွန်းဖြစ်နေမှန်း သိရတာ။ အစ်ကိုဂျွန်မြောင်ကလဲ wedding တုန်းက ဝမ်အွန်းကို တွေ့လိုက်တယ်ပဲပြောတာ။ အစ်ကိုက ဘတ်ဟျွန်းကိုပဲ မြင်ဖူးပြီး ဝမ်အွန်းကို သိမှမသိဘဲ။ ပြောမှ... ဝမ်အွန်းက ဘတ်ဟျွန်းနဲ့ တော်တော်တူတာပဲ။ အပြင်မှာမတွေ့ဖူးပေမဲ့ ချန်းယောလ်က ပုံခဏခဏပြတော့ မှတ်မိနေတာ။
.
ဝမ်အွန်းကရော... ချန်းယောလ်ဆီ ဘယ်လိုရောက်နေလဲ မှတ်မိလား။''"ကျွန်တော် ဆေးရုံမှာ သတိရတော့မှ ကိုကို့ကို စတွေ့ခဲ့တာပါ။ အဲ့အရှေ့ပိုင်းတော့ ကျွန်တော်လဲ ဘာမှမမှတ်မိဘူး ဖြစ်နေတယ်။''
ကျွန်တော်ဟာ ဘတ်ဟျွန်းမဟုတ်ကြောင်း ရင်တထိတ်ထိတ်ဖြင့် နားထောင်ခဲ့ရသလို... ကျွန်တော်ဟာ ကိုကိုနှင့်ပတ်သက်လို့ ဘာမှမမှတ်မိကြောင်း ရင်နာစွာဖြင့် ပြောပြနေရသည်။
နောက်ဆုံးတော့ မျှော်လင့်ထားသည့် ကြိုးစလေး လေထဲလွင့်ပါသွားခဲ့ပြီ။ ကျွန်တော်ဟာ ကိုကိုချစ်ခဲ့သည့် ဘတ်ဟျွန်း မဟုတ်ခဲ့ဘူး။ အရူးတပိုင်းဖြစ်သည်အထိ လုပ်ဆောင်နိုင်စွမ်းရှိသည့် ဘတ်ဟျွန်းဟာ အံ့ဩစရာကောင်းလှသည်။
"မမမင်ယောင်းကို သိလားဟင်။''
"ဘာလို့လဲ ဝမ်အွန်း။''
အစ််ကိုဂျုံအင်ကို ကျွန်တော်လိုက်မေးတော့ အစ်ကိုဂျွန်မြောင်က အလျှင်အမြန်ပင် ပြန်မေးလာသည်။
"ဟို... ဆေးရုံမှာ ပထမဆုံးစတွေ့တာ မမမင်ယောင်းကိုပါ။ ကိုကိုနဲ့လဲ ရင်းနှီးတော့ မေးကြည့်တာ။''
"ချွဲမင်ယောင်းကိုတော့ အစ်ကိုလဲ သေချာမသိဘူး။ ချန်းယောလ်နဲ့ လူကြီးချင်း သဘောတူထားတဲ့သူလို့ပဲ သိထားတာ။ အစ်ကိုဂျွန်မြောင်နဲ့ကတော့ ကျောင်းမှာထဲက သိကြတာတဲ့။''
လူကြီးချင်း သဘောတူထားတဲ့သူတဲ့လား...။
ဘာတွေလဲ ကိုကိုရေ... ဟျွန်းငယ်တော့ ကိုကို့ကို နားမလည်နိုင်တော့ဘူး။"စိတ်မပူပါနဲ့... ချန်းယောလ်နဲ့ မင်ယောင်းက သတင်းအမျိုးမျိုး ထွက်ဖူးပေမဲ့ ချန်းယောလ်က မင်းကို တကယ်ချစ်တာ သိတယ်မလား။''
"ဂျုံအင်!''
"အာ... Sorry... အစ်ကိုပြောတာ ချန်းယောလ်အချစ်ကို မယုံမကြည်မဖြစ်ဖို့ပါ။ ဘတ်ဟျွန်းဖြစ်ဖြစ် ဝမ်အွန်းဖြစ်ဖြစ် ... သူက လက်ရှိမင်းကိုပဲ ချစ်တာပါ။ သူငယ်ချင်းမို့ ကာပြောတာ မဟုတ်ဘူးနော်။''
ကျွန်တော်လဲ သိပါသည်... ကိုကို ကျွန်တော့်ကို ဘယ်လောက်ထိချစ်သလဲ ကျွန်တော် ခံစားမိသည်။ ဒါဟာ ကျွန်တော်က ဘတ်ဟျွန်းနှင့်တူသည့်အတွက်ကြောင့်လားလို့တော့ မစဥ်းစားချင်တော့။ ကိုကို ကျွန်တော့်ကို ချစ်နေဖို့သာ အရေးကြီးသည်။ ကျွန်တော် ကိုကို့ကို ချစ်သည်ကိုလဲ သိစေချင်သည်။
ဒါပေမဲ့ အခုတော့ ချစ်ရပါသော ကိုကိုဟာ ကျွန်တော့်ကို မပြောမဆိုနှင့် ထားခဲ့လေပြီ...။ ဟျွန်းငယ်ကို စိတ်ကုန်သွားတာတော့ မဟုတ်ဘူးမလား ကိုကို။ အကြောင်းပြချက်လေး တစ်ခုလောက်ပဲ ပေးပါ။ ဟျွန်းငယ်က ကိုကိုပြောသမျှ ယုံပေးမှာမို့။
#Noe ( 24.3.2021 )