လက်တစ်ဝါးစာ ပွင့်ဟနေသည့် အခန်းတံခါးမှတစ်ဆင့် ကျွန်တော့်ကို အသက်မပါသည့် အကြည့်များဖြင့် ကြည့်နေသော ကိုကိုဟာ ကျွန်တော့်ထံ အာရုံရှိနေပုံမပေါ်...
ကျွန်တော့်လက်ထဲက ဓာတ်ပုံများနှင့် ပစ္စည်းများထည့်ထားသည့် စက္ကူပုံးကိုသာ အာရုံရောက်နေသည်ထင်၏။
ကျွန်တော်... ကျွန်တော် အမှားလုပ်လိုက်မိပြီလား။ ကိုကို မြတ်နိုးရသည်များအား ခွင့်မတောင်းဘဲ ယူကြည့်လိုက်မိပြီ... မမြင်စေချင်၍ သိမ်းထားရသည်များကိုမှ။
"ကိုကို... ဟျွန်းငယ် ဟျွန်းငယ် တောင်းပန်ပါတယ်။ မတော်တဆ... အင်း မတော်တဆ တွေ့လိုက်တာ... သေချာမကြည့်ရသေးဘူး။ ဟျွန်းငယ် ဘာမှမမြင်လိုက်ဘူး။''
မျက်ရည်တွေကျနေပေမဲ့ မငိုရဲသလို ရှိုက်သံပါမထွက်ရဲပေ။ အတင်းချုပ်တည်းထားတာတောင်မှ တစ်ချက်တစ်ချက် ပျက်ယွင်းသွားသည့် အသံဟာ ငိုသံပေါက်နေသေးသည်။
မဖြစ်... ကိုကို ငြိုငြင်သွားလို့မဖြစ်။ မျက်နှာချင်းမဆိုင်ရဲစွာ အကြည့်လွှဲထားမိသည်။
ကျွန်တော့်ရှေ့ မုဆိုးဒူးထောက်ထိုင်ချပြီး ရုတ်တရက် ထွေးပွေ့ခံလိုက်ရသည်နှင့် ခန္ဓာကိုယ်ဟာ ဟန်မဆောင်နိုင်စွာဖြင့် ပြိုလဲဖက်တွယ်ထားမိသည်။
"ဟင့်~ ဟျွန်းငယ်ကို... ဟျွန်းငယ်ကို စိတ်မဆိုးပါနဲ့နော်။ ဟျွန်းငယ် နောက် ကိုကိုမသိအောင် ဘာမှမလုပ်တော့ပါဘူး။''
"မဟုတ်...''
"ဟျွန်းငယ် ကိုကို့ကိုချစ်တာ သိတယ်မလား။ ပိုချစ်ပေးပါ့မယ်... နော်! ။ ဟျွန်းငယ်က... အဟင့် ကိုကို့ဟျွန်းငယ် ဟုတ်တယ်မလားဟင်။ မဟုတ်ဘူးဆိုလဲ ပစ်တော့မသွားပါနဲ့နော် ဟင့်~ အစားထိုးထားလဲ ရပါတယ်။ ဟျွန်းငယ် ပိုလိမ္မာပါ့မယ်။''
အရဲစွန့်ကာ မော့ကြည့်ပြီး မျက်ရည်ဆက်လက်ဖြင့် တောင်းဆိုမိတော့ ကိုကိုက ခေါင်းအတွင်တွင် ခါကာ...
"မဟုတ်ပါဘူး ဟျွန်းငယ်ရယ်... ဟျွန်းငယ်က ကိုကို့ဟျွန်းငယ်ပါ။ အစားထိုးထားတာလဲ မဟုတ်သလို ပစ်သွားမှာလဲ မဟုတ်ဘူး... ဘယ်တော့မှ။''