ကိုယ်က မင်းကိုပဲချစ်တာ ကလေး...
မင်းကိုပဲ စချစ်ခဲ့ပြီး...
မင်းကိုပဲ ဆက်ချစ်နေတုန်း...
အကြောင်းအရင်းကတော့ မင်းဖြစ်နေလို့။အရင်နဲ့အခု...
အချစ်ချင်းတော့ ဘယ်တူပါလိမ့်မလဲ။အရင်က အဖြူစင်ဆုံးချစ်ခင်ပေးခဲ့ပြီး...
အခုကတော့ ရဲရဲနီတဲ့ ကိုယ့်အသွေးအသားထဲကိုက လိုလိုချင်ချင်နဲ့ တောင့်တတပ်မက်ခဲ့တာ။အဲ့ဒါကို ဘယ်အချိန်မှာစပြီး သတိထားမိသလဲဆိုတော့... ကိုယ့်အထင်...
... စတော်ဘယ်ရီသီးခူးရင်း ပျော်နေတဲ့ ကောင်လေးကြောင့်များလား ...
... ဟိုဟိုဒီဒီ တွေ့တွေ့နေရတဲ့ မျက်နှာလေးကြောင့်များလား ...
... ဒါမှမဟုတ် ... လူကို ရောဂါပေးပြီး ပျောက်ချင်းမလှ ပျောက်သွားတုန်းကများလား ...
မတွေ့တော့တဲ့အဆုံး အခန်းတစ်ခုလုံး ဓာတ်ပုံအပြည့်ကပ်ပြီး ကိုယ့်ရဲ့အိုအေစစ်လေး ဖန်တီးခဲ့ရတယ်။ ရင်ထဲ ပူလောင်လွန်းလို့ ဘာမှအလုပ်မဖြစ်ခဲ့ဘူး။
အဲ့ကောင်လေးကိုလဲ မင်းလို့ ဘယ်သူကမှသက်သေမလိုက်ပေးပေမဲ့ ကိုယ်ကတော့ မင်းလို့ပဲ တစ်ထစ်ချယုံကြည်နေခဲ့တာ။
ကံကောင်းတယ်ဆိုရမလား... လအနည်းငယ်ကြာတော့ ပြန်ရှာတွေ့ဖို့ လမ်းစကလေး ကောက်ရခဲ့တယ်။ Card Holder ထဲက ဓာတ်ပုံအပိုင်းအစလေး။ ဓာတ်ပုံထဲက ကိုယ့်ရဲ့ကလေးလေး... မိခင်လက်ပေါ်မှာ ပြုံးရယ်နေခဲ့တဲ့ ပေါက်စလေး။
ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့လိုက်သလိုပဲ။ ဝတ်ကျေတန်းကျေ နေနေရတဲ့ ဘဝကနေ... အရင်ကလို လှိုက်လှိုက်လှဲလှဲ ပျော်နေရတဲ့ ဘဝကို ပြန်ရလိုက်တယ်။
ဟုတ်တယ်... ကိုယ် မင်းကိုချစ်တယ်။
ကိုယ် မင်းကိုချစ်နေခဲ့တာပဲ...။ပြန်တွေ့မယ့်တွေ့တော့လည်း မင်ယောင်းတို့ခြံရဲ့ အလုပ်သမားအဖြစ်နဲ့လား။ ကိုယ်ရင်တွေနာလိုက်တာကွာ။ နဖူးကချွေး ခြေမ,ထိကျအောင် ပင်ပင်ပန်းပန်း နေထိုင်နေရတဲ့အဖြစ်ကို ကိုယ်တကယ်မကြည့်ရက်ဘူး။
အဲ့ထပ်ပိုဆိုးတာက ကိုယ့်ကို စိမ်းသက်နေတာကိုပဲ။ အရပ်ရှည်ပြီး ထွားလာတာကလွဲလို့ ကိုယ် ငယ်ရုပ်မပြောင်းဘူးလို့ မေမေ့သူငယ်ချင်းတွေပြောသမျှ မဟုတ်ဘူးထင်ပါရဲ့။ အန်တီကြီးတွေရဲ့စကားကို ယုံစားပြီး မင်းအနား ချည်းကပ်မိခဲ့တာ မှားပြီလားမသိ။