"ဟျွန်းငယ်"
နှင်းဆီခင်းထဲတွင် နွမ်းနေသော အရွက်များနှင့် ပွင့်ဖတ်များကို ခြွေနေသော ကလေးငယ်အား စကားစတော့
"ဗျာ''
လုပ်လက်စကိုရပ်ကာ ကိုယ်ဆက်ပြောမှာကို နားစွင့်နေသည်။
"ကိုယ် အိမ်အလုပ်တွေအတွက် အဒေါ်ကြီးတစ်ယောက်နဲ့ ခြံစောင့် ဦးလေးတစ်ယောက် ခေါ်ထားတယ်။''
"ဟင်!.... ဟျွန်းငယ်ကြောင့် ကိုကို ပင်ပန်းနေပြီလားဟင်!... ဟျွန်းငယ် ဝိုင်းကူမှာပေါ့။''
သူ့အတွက်နဲ့ ကိုယ်ပင်ပန်းသည်ဟုထင်ကာ စိတ်မကောင်းဖြစ်သွားဟန်ရှိသော ကလေးငယ်။
"မဟုတ်ပါဘူး ဟျွန်းငယ်ရယ်...။ ကိုယ် အလုပ်တွေကြောင့် company ပြန်သွားရတော့မှာမို့ပါ။ ကိုယ်မရှိတဲ့အချိန် ဟျွန်းငယ်ကို ဂရုစိုက်ဖို့ .... ပြီးတော့ သူတို့က ကိုယ်ငယ်ငယ်ထဲက ကိုယ်တို့ဆီမှာ အလုပ်လုပ်နေကျဆိုတော့ စိတ်လဲချရတယ်လေ။''
"..........''
"ကိုယ်က အရမ်းအရေးကြီးပြီဆိုမှ သွားမှာပါ...။ တစ်ပါတ် ၃/၄ ရက်လောက်ပေါ့။ နောက်ကျမှသွားပြီး စောစောပြန်ခဲ့မယ်... နော်။''
ရုတ်တရက် ညှိုးကျသွားသော မျက်နှာလေးအားကြည့်ပြီး စိတ်လဲမကောင်းသလို... ကိုယ်နဲ့ မခွဲချင်လို့ဟု လိုရာဆွဲတွေးကာ မသိစိတ်က ကြည်နူးမိသည်။
"ဟျွန်းငယ်ကို စိတ်ချပါ...။ ကိုကို စိတ်ပူအောင် မလုပ်ပါဘူး။''
ပြုံးပြုံးလေးဖြင့် ကလေးငယ်က သူ့ကို စိတ်မပူစေရန် ပြောနေသော်ငြား ကိုယ့်မှာ ပိုလို့ပင် စိတ်ထဲလေးလံနေမိသည်။ ကိုယ်ကိုယ်တိုင်ကိုက ကလေးငယ်နှင့် တစ်စက္ကန့်လေးမှ မခွဲချင်။ ကလေးငယ်အား သေးသေးလေးဖြစ်အောင် စီမံပြီး အိတ်ထောင်ထဲထည့်ကာ သွားလေရာ ခေါ်သွားချင်သည်အထိ....။ ကိုယ် လောဘ အရမ်းကြီးနေမိပြီလား ဟျွန်းငယ်...။
"အဲ့ ဦးဦးနဲ့ဒေါ်ဒေါ်က ဘယ်နေ့ရောက်မှာလဲဟင်။''
"မနက်ဖြန်မနက်... ဘာလို့လဲ ဟျွန်းငယ်။''
"ပျော်လို့... ဒီအိမ်မှာ ကိုကိုနဲ့ဟျွန်းငယ်ကလွဲပြီး တခြားသက်ရှိမှမရှိတာ။ အခုလို လူနှစ်ယောက်ကြီးများတောင် လာနေမှာဆိုတော့ ဟျွန်းငယ်အဖော်ရပြီပေါ့... ဟီး။''