အပိုင်း - ၂၆ ( U )

706 72 21
                                    

"မဟုတ်ဘူး!!!!!"

အိပ်နေရင်း လန့်နိုးလာပြီး ငေါက်ကနဲ ထထိုင်မိသည်။ ချွေးစေးများထွက်ကာ အသက်မနည်းလုရှူနေရသောကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်နေသည့် ရင်ဘတ်တစ်စုံ။

အခန်းထဲက ကုတင်ပေါ်တွင် ရောက်နေခြင်း သေချာမှသာ ချာချာလည်နေသည့် ခေါင်းအား မျက်စိမှိတ်ထားရင်း အနားပေးဖြစ်သည်။

ဘယ်အချိန်ရှိနေပြီမှန်း အတိအကျမသိပေမဲ့ ညနက်နေသည်တော့သိသည်။ အခန်းထဲရှိမနေသည့် ကိုကိုဟာ စာဖတ်ခန်းထဲ ရောက်နေသည်ထင်၏။

ပြန်အိပ်လို့လဲမရတော့သဖြင့် ထိုအတိုင်းသာ ငူငူကြီးထိုင်နေမိရင်း... ဖုန်း password ဆီ စိတ်ရောက်သွားသောကြောင့် အဝတ်ခန်းထဲသို့ ဦးတည်လိုက်သည်။

ကျွန်တော့်ဖုန်းမဟုတ်သည့်အတွက် ဖုန်း password အား မခန့်မှန်းနိုင်ခြင်းဖြစ်ရမည်။ ဝမ်အွန်း၏ဖုန်းမို့... ဝမ်အွန်းနှင့် သက်ဆိုင်သည်များသာ ဖြစ်နိုင်သည်။

အွန်းလေးဟု တကြော်ကြော်ခေါ်နေခဲ့သော ထိုလူ... ရီရှင်းဆိုသူမှာ ဝမ်အွန်းနှင့် တစ်နည်းနည်းဖြင့် ဆိုင်နေလိမ့်မည်။ ဒါဆို ဘာကြောင့် ထိုလူက ကျွန်တော့်အိမ်မက်ထဲ ပါလာရသနည်း။

တိုက်ဆိုင်တာ... တိုက်ဆိုင်တာနေမှာပါလေ။

*ကလောက်*

X I N G ဟု ဂဏန်း၄လုံး ရိုက်ထည့်လိုက်ရုံနှင့် တန်းပွင့်သွားလောက်သည်အထိ တိုက်ဆိုင်လွန်းနေသည်။

Password ပြေသွားသည်နှင့် နောက်တစ်မျိုးပြောင်းသွားသည့် နောက်ခံဓာတ်ပုံကြောင့် ဖုန်းပါ လွှတ်ချမိလိုက်သည်။ ဗီဒိုရှေ့ကျုံ့ကျုံ့ကလေးထိုင်ကာ မျက်စိရှေ့က ဖုန်းကို မထိရဲမကိုင်ရဲ ဖြစ်နေသည်။

ရီရှင်းဆိုသူအား ဝမ်အွန်းဆိုသည့် ကောင်လေးမှ ပါးကိုဖိကပ်နမ်းရှိုက်နေသည့်ပုံပင်။ ဘယ်လောက်ပဲ မဟုတ်ဘူးငြင်းငြင်း အခုလိုကြီး မြင်တွေ့လိုက်ရသည့်အပေါ် တုန်လှုပ်မိသည်။ ဝမ်အွန်းနှင့် ရုပ်ချင်းဆင်နေသည့် ကျွန်တော့်အတွက် အဆင်ပြေမနေပါ။

Love  is  fair [Completed]Where stories live. Discover now