ခပ်ဟဟဖြစ်နေသည့် တံခါးအား အသံမထွက်စေရန် သတိထားပိတ်လိုက်ပြီး ကုတင်ဘေးမှ ထိုင်ခုံသို့ ပြန်လာထိုင်နေလိုက်သည်။
အသက်ရှုသံမှန်မှန်ဖြင့် အိမ်မောကျနေသော လူနာထံ အကြည့်ရောက်နေသော်ငြား စိတ်ကတော့ အခန်းအပြင်မှ ကိုကိုနှင့် အစ်ကိုဂျွန်မြောင်၏ စကားဝိုင်းထဲ ကျန်နေခဲ့သည်။
ကျွန်တော့်ကို အင်မတန်မှ အလိုလိုက် အကြိုက်ဆောင်သည့် ကိုကိုဟာ မမမင်ယောင်း ဖုန်းတစ်ချက်ဆက်သည်နှင့် ကိုရီးယားသို့ ချက်ချင်းပြန်ဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။
ကျွန်တော့်ကို ထားခဲ့ပြီး တစ်ယောက်ထဲ ပြန်ဖို့အထိ ဆုံးဖြတ်ခဲ့သည်။ အကျိုးအကြောင်း မရှင်းပြနိုင်လောက်အောင် အရေးကြီးနေသည် ထင်၏။ မင်ဟိုလေး... မင်ဟိုလေး ဆေးရုံတင်ထားရသည်တဲ့။
ထိုကိစ္စအား မမမင်ယောင်းမှ ကိုကို့ထံဖုန်းဆက် အကြောင်းကြားရအောင်... ကိုကိုသည်လဲ အရေးတကြီး ချက်ချင်းထပြန်ရလောက်အောင်... မမမင်ယောင်းအတွက် ကိုကိုက အားကိုးရာရောက်သလို... ကိုကို့အတွက် မမမင်ယောင်းနှင့် မင်ဟိုလေးမှာ အရေးပါပုံရသည်။
ဒါဆို ရှင်းပြဖို့အချိန် နည်းနည်းလေးတောင် ဖဲ့ပေးမခံရတဲ့ ကျွန်တော်... ကျွန်တော်ကရော။
လူနာအိပ်ပျော်သွား၍ အစ်ကိုဂျွန်မြောင်ကို လိုက်ခေါ်ရာမှ မထင်မှတ်ဘဲ ကြားသိလိုက်ရသည့် အဖြစ်။ ဘာမှမဖြစ်သလို ကျွန်တော့်ကို ပြီးပြီးရော သဘောထားသည့် ကိုကို့ပုံစံဟာ ကျွန်တော့် မျက်ကွယ်ရာက ကိုကို့ပုံစံ နောက်တစ်မျိုးများလား။
အင်း..... ကြည့်ရတာ ကျွန်တော် အတွေးလွန်နေပြန်ပြီ ထင်ပါရဲ့။ ကိုကိုက ကျွန်တော့်ကို ဘယ်လောက်ထိ ချစ်လိုက်သလဲ။ ဒီနေ့ဒီအချိန်အထိ ခံစားလို့ရခဲ့တဲ့ ကိုကို့အချစ်တွေကို ဘာမဟုတ်တာလေးနဲ့ သံသယဝင်တော့မလို့လား ဘတ်ဟျွန်း။ ကိုကိုသိရင် စိတ်မကောင်းဖြစ်တော့မှာပဲ။
ကိုကို့မှာလဲ ပြောမထွက်လောက်သည့် အခက်အခဲ ရှိနေနိုင်သောကြောင့် တစ်ယောက်ထဲ အတွေးခေါင်ကာ အထင်မမှားသင့်ပေ။