လေဆိပ်ကနေ အိမ်သို့ရောက်ရန် အချိန်တော်တော်လေး ပေးလိုက်ရသည်။ ကျသင့်ငွေရှင်းပြီးသည်နှင့် ကားပေါ်ကဆင်းကာ ခြံတံခါးဖွင့်ခိုင်းပေးရန် ဦးလေးကိုရှာတော့ အရိပ်အယောင်တောင် မတွေ့သည့်အပြင် ခြံတံခါးသည်လဲ ဖွင့်လျက်သားပင်။
အဆင်သင့်နေသောကြောင့် ထိုအတိုင်းသာ ဝင်လာလိုက်ပြီး ဧည့်ခန်းကနေမြင်နေရသည့် မီးဖိုခန်းတွင်တော့ အိုးသံခွက်သံကြားရသဖြင့် ဒေါ်ကြီး ချက်ပြုတ်နေကြောင်း စိတ်ထဲက သိလိုက်သည်။
ထို့အတူ စာဖတ်ခန်းတံခါး ပွင့်နေသောကြောင့် ကိုကိုရှိနေမှန်းပါ သိလိုက်ရသည်။ ကိုကို အလုပ်ကပြန်လာမှ အံ့ဩစေရန် လုပ်မည့်အတွေးအား အခုချက်ချင်း အကောင်အထည်ဖေါ်ဖို့ရာ စာဖတ်ခန်းဆီ ခြေသံဖွဖွဖြင့် ချည်းကပ်ခဲ့တော့သည်။
တံခါးမှာ အနည်းငယ်သာ ပွင့်ဟနေသည်မို့ ကိုကို့အားမမြင်ရသော်ငြား တံခါးကို ဝုန်းကနဲတွန်းဖွင့်ကာ ခြောက်လှန့်မည်အပြု...
"တကယ်လား မင်ယောင်း။''
ရင်းနှီးနေသည့် အမည်နာမတစ်ခုအား အံဩစွာဖြင့် ရေရွတ်နေသည့် ကိုကို့အသံကြောင့် လက်အစုံဟာ လေထဲတွင် တန့်သွားတော့သည်။
"တကယ်ပေါ့။ သွေးသားတော်စပ်ကြောင်း 99.99% ဆိုမှတော့ အဲ့ထက်သေချာတာ ရှိပါဦးမလား အစ်ကိုချန်းယောလ်ရဲ့။ မျက်စိရှေ့မြင်နေရတာတောင် မယုံကြည်သေးဘူးလား။''
"ဝမ်းသာလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူး... တကယ်။''
အမှန်တကယ်ကို ဝမ်းသာနေကြောင်း အသံနှင့်ပင် ခံစား၍ရသည်။ သွေးသားတော်စပ်သည် ဆိုတာရော... ဘာအဓိပ္ပါယ်ပါလိမ့်။
"အခုမှ ဝမ်းသာနေ... အစထဲက အစ်ကိုချန်းယောလ် မယုံရင် စစ်လိုက်ပါလို့ မင်ယောင်းပြောသားပဲ။''
"ဘာပဲဖြစ်ဖြစ် မင်ယောင်းကို ကျေးဇူးတင်ပါတယ်။''
"မလိုပါဘူးရှင်... အစ်ကိုချန်းယောလ်ထက်မနည်း မင်ယောင်းလဲ ပျော်နေတာမို့။ သားလေးလဲ မျက်နှာမငယ်ရတော့ဘူးပေါ့။ ခွင့်ပြုချက်မရှိဘဲ ခိုးစစ်လိုက်တာကိုတော့ ခွင့်လွှတ်ပေးပါနော်။''