ချန်းယောလ်အိမ်က ထမင်းစားခန်းထဲ ဂျုံအင်တို့ ၃ယောက်ကို ဒေါ်ကြီးက နေ့လည်စာပြင်ပေးနေသည်။ မနေ့ညထဲက ချန်းယောလ်ကို ဆေးရုံတင်လိုက်တာမို့ တစ်ချို့လိုအပ်တာတွေ ပြန်လာယူရင်း ဒေါ်ကြီးသတိပေးမှ ထမင်းစားဖို့သတိရတော့သည်။ အခုထိ ဘယ်သူမှ ဘာမှမစားရသေး။ ဆေးရုံမှာ ရှေ့နေကြီးကို အစောင့်ထားခဲ့ရတာမို့ အချိန်ရနေခြင်းပင်။
ဟင်းပွဲများပြင်ဆင်ပြီးလို့ ဒေါ်ကြီးထွက်သွားသည်နှင့် မင်ယောင်းက အစ်ကိုဂျွန်မြောင်အား စကားစသည်။
"ဘတ်ဟျွန်းလေး ဘယ်မှာရှိလဲ စီနီယာသိတယ်မလား။''
သတိထားမိသလောက် ဒီရောက်ကတည်းက မျက်နှာမကောင်းသည့် အစ်ကိုဂျွန်မြောင်က ချန်းယောလ်ကိုတွေ့တိုင်း သက်ပြင်းရှည်ကြီးချနေတတ်သည်။ အခုလဲ ထမင်းကို ဟုတ်တိပတ်တိ မစားနိုင်ဘဲ အတွေးများနေသည်။ အရင်ရှာခိုင်းထားသည့်လူတွေအပြင် ဂျုံအင့်လူတွေပါထပ်တိုးပြီး ရှာပုံတော်ဖွင့်တာတောင် ဘတ်ဟျွန်းက အပုန်းကောင်းနေတုန်းပင်။
"အစ်ကိုချန်းယောလ်ရဲ့ အခြေအနေကိုလဲ စီနီယာမြင်တွေ့နေတာပဲ... ဘတ်ဟျွန်းလေးကလွဲပြီး ကျန်တာအလုပ်ဖြစ်မှာမဟုတ်ဘူး။''
မနေ့ညက အိပ်ဆေးတိုက်ပြီး ဆေးရုံအမြန်တင်လိုက်တာမို့ မနက်နိုးတော့ သူ့အိမ်မဟုတ်မှန်းသိတဲ့အခါ ဘေးလူတွေကိုပါ ချန်းယောလ်က ရန်လုပ်တော့သည်။ စိတ်ငြိမ်ဆေးထိုးပြီး အိပ်ပျော်အောင်လုပ်ထားပေမဲ့ ပြန်နိုးလာပါက ပြန်သောင်းကျန်းဦးမှာ သေချာသည်။
"မင်ယောင်း ရှေ့နေကြီးကို အကူအညီတောင်းထားတယ်... ဘတ်ဟျွန်းလေး ကားတိုက်မှုဖြစ်တုန်းက သက်သေအကုန်လုံးကို။ စီနီယာ လိုချင်... မဟုတ်ဘူး လိုအပ်နေတယ်မလား ကျန်းရီရှင်းအတွက်။''
ချက်ချင်းမျက်နှာမော့လာသည့် အစ်ကိုဂျွန်မြောင်က အခုမှအသိစိတ်ဝင်လာသလို မင်ယောင်းကို တအံ့တဩကြည့်နေသည်။ သူတို့အချင်းချင်းတော့ အချိတ်အဆက်မိနေကြပေမဲ့ ဂျုံအင်ကတော့ အလယ်ကနေ ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်။
"ကျွန်တော်ပြီးပြီ... ပစ္စည်းက ဒါတွေပဲမလား။ ဒေါ်ကြီးက သူလိုက်မယ်ဆိုလို့ ကျွန်တော်ပဲခေါ်သွားလိုက်မယ်။''