ဖြူဖွေးနေသော နှင်းဆီခင်း...... ရနံ့သင်းသင်းလေးကြောင့် စိတ်ကြည်နူးရသည်။ အိမ်ကိုကျယ်လှချည် ထင်မှတ်နေသည်မှာ ခြံဝန်းနှင့်ယှဉ်ပါက ဘာမှမဆိုသာ။ ခြံတစ်ဝက်နီးပါး အဖြူရောင်နှင်းဆီပန်းများသာ စိုက်ပျိုးထားပြီး ကျန်တစ်ဝက်မှာ အနားယူအပန်းဖြေရန် ဘန်ဂလိုအသေးစားလေး နှင့် ဒန်းလေးအပြင် အခြားသော အပင်အနည်းငယ်သာ ရှိသည်။
"နှင်းဆီခင်းထဲကို ညနေစောင်းလောက်မှ ကိုယ်လိုက်ပို့မယ်နော်။ အခုက နေပူသေးတယ်။"
ကျွန်တော့်အား ဘန်ဂလိုအတွင်းမှ ခုံပေါ်တွင်ထိုင်စေပြီး သူပါဘေးတွင်ဝင်ထိုင်သည်။ မှန်ဖြင့်သာ ကာထားသောကြောင့် အပြင်အား ရှင်းလင်းစွာ မြင်နေရသည်။ မျက်နှာချင်းဆိုင်တွင်ရှိသော နှင်းဆီခင်းအား ငေးမောရင်း သူပြောသည်များကိုသာ နားထောင်နေသည်။
"ဟန်းနီးမွန်းကအပြန် ကလေးကို အံ့သြသွားအောင် လုပ်မယ်ဆိုပြီး တစ်ယောက်ထဲကြိတ်စီစဉ်ထားသမျှ အခုမှပဲ အကောင်အထည်ပေါ်တော့တယ်။"
တွေးတွေးဆွေးဆွေး ပြောနေသည်မှာ ရင်ထဲ အမည်မသိခံစားချက်တို့ပင် ဝင်ရောက်လာသည်။
"တကယ်လို့ ကလေး ဒါတွေမကြိုက်တော့ဘူး ဆိုရင်လဲ ကိုယ်ပြန်ပြောင်းပေးမယ်လေ။"
"မဟုတ်တာ... နေပါစေ။ သဘောကျပါတယ်။"
အိမ်ရော ခြံဝန်းပါ ပြင်ဆင်ထားသည်မှာ အနည်းအကျဉ်းမဟုတ်။ အရင်က ကြိုက်သည် မကြိုက်သည်ထက် ယခုအချိန်တွင် ဆိုးဆိုးရွားရွား မခံစားရသဖြင့် အဆင်ပြေပါသည်။
"ကိုယ့်ကိုရော!!!"
"ဗျာ"
ဘေးချင်းယှဉ်ထိုင်နေရာမှ ကိုယ်ကိုတစ်စောင်းလှည့်ကာ ကျောမှီပေါ် လက်တင်လျက် မေးထောက်၍ ရွှန်းရွှန်းစားစား ကြည့်နေပြန်သည်။ ပါးချိုင့်ကြီးမှာလဲ ထင်း...လို့ ။
"ကိုယ့်ကိုရော... သဘောကျရဲ့လား။"
"......."
ဘာပြန်ပြောရမှန်းမသိ၍ သူ့ကိုသာကြောင်ကြည့်နေမိသည်။ အတန်ကြာ အကြည့်ချင်းဆုံနေရာမှ
"ကိုယ်က စတာပါကွာ....။ နေရမခက်နဲ့တော့... ကိုယ် နောက်မစတော့ဘူး။ ဟုတ်ပြီလား။"