ညရောက်သောအခါ ဝမ်ကတော် ဆေးရုံမှဆင်းပြီဟု သိရသဖြင့် နောက်တစ်နေ့မနက်တွင် နေအိမ်သို့သာ လိုက်သွားခဲ့ကြသည်။ သည်းငယ်သည်လည်း နလန်ထူခါစမို့ မျက်နှာအနည်းငယ် နွမ်းနေသော်လည်း ကြည်ကြည်ဖြူဖြူ လိုက်ပါခဲ့သည်။
ဝမ်အိမ်တော်သို့ ရောက်သည့်အခါ CEO ဝမ်နှင့် သားဖြစ်သူမှာ အလုပ်သမားများနှင့်အတူ ထွက်ကြိုနေကြသည်။
သည်းငယ်သည် ကိုယ့်လက်မောင်းအား မြဲမြံစွာ ဆုတ်ကိုင်ထားပြီး ကိုယ့်အနောက်တွင် အရိပ်ခိုလိုက်ပါလာပုံမှာ သူ့ကို ဒီအိမ်တွင် ထားခဲ့မည်ဟု တစ်ဖက်သတ် ထင်မှတ်ကာ စိုးရိမ်နေသလိုပင်။
ထားခဲ့စရာလား သည်းငယ်ရယ်...
ကိုယ် သည်းငယ်ကို ခေါ်ထားဖို့ ဘယ်လိုတွေ ကြိုးပမ်းခဲ့ရသလဲ။"လာ မောင်ရင်... အွန်းလေး... မာမားက အခန်းထဲမှာ ၊ မောင်ရင်တို့ လာမယ်ပြောထားလို့ မနက်ထဲက အစောကြီးနိုးပြီး စောင့်နေတာလေ။''
CEO ဝမ်ကပဲ ဦးဆောင်ကာ ဝမ်ကတော်ရှိရာသို့ ခေါ်သွားသည်။ အေးစက်နေသည့် သည်းငယ်၏ လက်ဖျားသွယ်သွယ်လေးကြောင့် သည်းငယ် ဘယ်လောက်ထိ စိတ်လှုပ်ရှားနေမလဲဆိုတာ ခန့်မှန်းမိသည်။
အခန်းထဲရောက်သည့်အခါ ဝမ်ကတော်သည် ကုတင်ပေါ်တွင် ကိုယ်တစ်ပိုင်း စောင်ဖြင့်အုပ်ကာ မှီထိုင်နေပြီး တံခါးအပေါက်ဘက်သို့ ခေါင်းစောင်းမတတ် မျှော်နေသည်အား တွေ့ရသည်။
သည်းငယ်ကိုတွေ့သည်နှင့် ချိနဲ့နေသော ခြေလှမ်းတို့ဖြင့် အားယူလျက် သည်းငယ်အနားသို့ အရောက်လာပြီး အတင်းဖက်ကာ ငိုကြွေးတော့သည်။
ဝမ်ရိပေါ်ဆိုသည့် ကောင်လေးဟာ အစတွင် မျက်နှာသေဖြင့် ရပ်ကြည့်နေရာမှ နှာတရှုံ့ရှုံ့ဖြင့် ဝမ်ကတော်နှင့် သည်းငယ်ကြား ခေါင်းဝင်တိုးကာ ထွေးပွေ့ရင်း အော်ငိုတော့သည်။ နဂို အသည်းငယ်သည့် အငိုသန်လေး ပေါက်စသည်လည်း ငိုကြွေးသံများကြား ရောယောင်ကာ တအိအိဖြင့် ငိုနေပြီဖြစ်သည်။
ဘေးမှ CEO ဝမ် မှာတော့ မကြည့်ရက်သလို အကြည့်လွှဲကာ မျက်ရည်မကျမိစေရန် အံကြိတ်ထားသည့်ပုံပင်။