ကိုကိုနှင့်ဖုန်းပြောလို့အပြီး မမမင်ယောင်းလည်းပြန်သွားပြီမို့ အခန်းထဲသာပြန်ဝင်လာလိုက်ပြီး ကုတင်ပေါ် ခြေပစ်လက်ပစ် လှဲချလိုက်တော့သည်။
ကျွန်တော်က တကယ်ကြီး
ဘတ်ဟျွန်းတဲ့လား...မမမင်ယောင်းမှရှင်းပြနေစဥ် ဝမ်ရိပေါ်၏
ဖုန်းခေါ်ဆိုမှုကြောင့် ထိုမှတစ်ဆင့် တစ်ချို့တစ်ဝက်အား ထပ်မံသိရှိလိုက်ရသည်။ အိမ်အကူအန်တီကြီးအား စောင့်ကြည့်ခိုင်းနေခြင်းမှာ အမှန်တကယ်ပင်။ဘတ်ဟျွန်းအဖြစ်မှတ်ယူနေရာမှ...
ဝမ်အွန်းဟု လက်ခံတုန်း တစ်လပင်မပြည့်သေး ကျွန်တော်ဟာ တကယ်ပဲ ဘတ်ဟျွန်းဖြစ်နေခဲ့သည်။ကိုကိုနှင့် ပါပါးတို့မာမားတို့တုန်းကထက်ပင် မမမင်ယောင်းက သက်သေအထောက်အထား ပို၍စုံလင်နေသေးသည်။ မင်ဟိုလေးနှင့် ကျွန်တော့်၏ DNA တူညီနေသည့်အခါ ဒီထက် သေချာတာမရှိတော့သလို ရှင်းပြစရာပင်မလိုတော့... အလိုလို လက်ခံလိုက်ရတော့သည်။
ဝမ်ရိပေါ်ကတော့ ဝမ်အွန်း ကား accident မဖြစ်ခင် သူ့ကိုယ်သူ ဝမ်အွန်းမဟုတ်ကြောင်း အမှတ်မထင် သိလိုက်ရသည့်နေ့ကအကြောင်း ပြန်ပြောပြလို့လာသည်။ ထို့အပြင် မာမားကျန်းမာရေးကြောင့် ဒီအတိုင်းသာ ဆက်နေပေးရန်နှင့် ပါပါးကလည်း ထိုကဲ့သို့သာ အလိုရှိပြီး ကျွန်တော်က သူတို့၏သားကြီး ဝမ်အွန်းအဖြစ် တစ်သက်လုံးရှိနေမည်ဟု ပြောခဲ့သေးသည်။
ကျွန်တော်က ပိုလို့ပင် ကျေးဇူးတင်မိနေသေးသည်။ ကိုကိုချစ်သည့် ဘတ်ဟျွန်းဖြစ်နေသည့်အပြင် မိသားစုကိုပါ လက်လွှတ်ရန်မလိုတော့ပေ။ ဒါတင်မဟုတ် မရီးနှင့် ချစ်ဖို့ကောင်းသည့် တူလေးတစ်ယောက်ပါ အဆစ်ရလိုက်သေးသည်။ ကျွန်တော့်လောက် ကံကောင်းသည့်သူ ရှိပါဦးမလား။
သို့ပေမဲ့ ကျွန်တော့်ကြောင့် ဝေဒနာခံစားနေရသည့် ကိုကို့အား တွေးမိသည့်အခါတွင်တော့ စိုးရိမ်စိတ်တို့သာ ကြီးစိုးလာတော့သည်။ ကိုကို့ဘေးနားနေပြီး တစ်စက်ကလေးမှ မရိပ်မိခဲ့သည့် ကျွန်တော်ဟာ အသုံးမကျသည်ထက် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။