စာဖတ်ခန်းအတွင်း အလုပ်လုပ်နေသည့် ကိုကို့နံဘေး အသားလွတ် ငုတ်တုတ်ထိုင်နေရသောကြောင့် စိတ်ထဲမကျေနပ်။ ကိုကို အလုပ်မပြီးမချင်း ဤအခန်းထဲကနေ ထွက်လို့ရမည်မဟုတ်။ အပေါ်ထပ်အခန်းထဲ အိပ်ပြီးနေခဲ့မည်ဟု ပြောလည်းမရ... စာကြည့်စားပွဲဘေး ဆိုဖာခုံရှည်တစ်လုံးချကာ သူ့အနားနေစေသည်။
ဆိုဖာပေါ် အလျားလိုက်ထိုင်ကာ လက်တန်းအားကျောမှီရင်း ကူရှင်ကို ရင်ခွင်ထဲပိုက်ထားသည့် ပုံစံမှာ အင်မတန်မှ ပျင်းတိပျင်းရွဲနိုင်လှသည်။ သို့ပေမဲ့ ကိုကိုအလုပ်လုပ်နေသည်အား ဘေးတိုက်မြင်ရသည်မို့ အရမ်းကြီးတော့လည်း ပျင်းစရာမကောင်းပါလေ။
"ကိုကို...''
"အင်း ပြောလေ... ဗိုက်ဆာလို့လား။''
ဖိုင်တွဲတစ်ခုကိုဖတ်ရင်း စက္ကန့်မခြား ပြန်ဖြေသည်။
"ဟျွန်းငယ် ကျောင်းတက်ချင်တယ်...''
ဆက်ကနဲ စောင်းငဲ့ကြည့်ကာ ဖတ်လက်စ ဖိုင်တွဲအား ချက်ချင်းပိတ်လိုက်ပြီး ကျွန်တော့်အနားသို့ ချည်းကပ်လာသည်။ ထို့နောက် ဆန့်တန်းထိုင်နေသည့် ကျွန်တော့်ခြေထောက်အစုံအား မ,ယူကာ ဝင်ထိုင်လိုက်ပြီး သူ့ပေါင်ပေါ်တင်ထားသည်။
"အင်! ကိုကို~ ကျောင်းတက်ချင်တယ်...လို့!''
အခုထိ အထိုင်မကျသေးဘဲ နေရာချရင်း အလုပ်ရှုပ်နေသည့် ကိုကို့အား ထပ်တိုးဖွင့်ဆိုလိုက်သည်။
"နေပါဦးကွာ... နမ်းပါရစေဦး။''
ကျောမှီထားသည့် ဆိုဖာလက်တန်းအား ကိုကိုက လက်လှမ်းထောက်ကာ ကျန်လက်တစ်ဖက်ဖြင့် မျက်နှာကို မေးမှဆွဲယူပြီး တိုးကပ်နမ်းသည်။
အသက်ရှူမဝတော့မှ နှုတ်ခမ်းချင်းခွာပေးကာ နဖူးချင်းထိထား၏။ ကိုကို ရှူထုတ်လိုက်သည့် လေပူများဟာ ကျွန်တော့်မျက်နှာသို့ ရိုက်ခတ်နေပြီး အဓိက အကြောင်းအရာပါ မေ့ပျောက်တော့မလိုပင်။
"ကိုကိုက ချစ်လို့တောင် မဝသေးတာ...
သည်းငယ်ကတော့ ကိုကိုနဲ့ ခွဲနိုင်နေပြီပေါ့ ဟုတ်လား။''အမြဲ... အမြဲ... တစ်ခုခု မလုပ်စေချင်တာမျိုး ဒါမှမဟုတ် တစ်ခုခု တောင်းဆိုချင်တာမျိုးဆို သူ့ကိုယ်သူ ကိုကိုဆိုပြီး နာမ်စားသုံးကာ တစ်ဖက်လူကို ဝေဝါးအောင်လုပ်တတ်သည်။ ဤလက်နက်အား အရင်က တစ်ခါတစ်ရံမှသာ ထုတ်သုံးတတ်သော်လည်း ဆေးရုံတက်နေစဥ်အတွင်း အလုပ်ဖြစ်မှန်းသိသွား၍ နောက်ပိုင်းမှာတော့ အချိန်အခါမရွေး ထုတ်သုံးနေတော့သည်။