အာရုံဦးအချိန်ကို ကျော်လွန်ပြီဖြစ်ရာ ကိုယ့်ရဲ့အရှင်သခင်လေး ကျောင်းတော်ကြီးသို့မသွားမီ ဝမ်းရေးဖြည့်တင်းနိုင်ရန်အတွက် တိတ်တဆိတ်နိုးထခဲ့သည်။
"မွ ... ဒါက ကိုယ့်ရဲ့ morning kiss ။''
အသက်ရှုသံမှန်မှန်ဖြင့် အိပ်မောကျနေသော အရှင်သခင်လေးအား ညင်သာစွာအနမ်းပေးလိုက်ပြီး မနှောက်ယှက်တော့ဘဲ ဆက်အိပ်စေသည်။
ထို့နောက် ကျောင်းသို့ယူဆောင်သွားရမည့် ပစ္စည်းပစ္စယများအား ကျန်ခဲ့သည်မရှိရလေအောင် ပြင်ဆင်ပေးပြီး အဝတ်အစားများပါ အသင့်ထုတ်ပေးထားလိုက်သည်။ ပြီးမှ ကိုယ့်အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး ပြုလုပ်ပြီး မနက်စာပြင်ရန် အောက်ထပ်ဆင်းလာခဲ့သည်။
အောက်ထပ်ရောက်သော် မင်ဟိုလေးအား ဦးစွာဝင်ကြည့်လိုက်ပြီး မနိုးသေးဘူးဆိုမှသာ မီးဖိုခန်းဆီသို့ ခြေဦးလှည့်ခဲ့သည်။ အောက်ထပ်မှ စာဖတ်ခန်းဘေး လွတ်နေသည့်နေရာအား အခန်းနှစ်ခန်းထည့်ဖွဲ့ကာ တစ်ခန်းမှာ မင်ဟိုလေးအတွက်ဖြစ်ပြီး ကျန်သည့်တစ်ခန်းမှာ ဧည့်သည်အခန်းအဖြစ် အလွတ်ထားသည်။ ကလေးတစ်ယောက်ထဲ အောက်ထပ်တွင် စိတ်မချသော်ငြား တစ်ယောက်ထဲအိပ်တတ်သည့် မင်ဟိုလေးကြောင့် မတတ်သာခဲ့။
ယခင်က... မင်ဟိုလေးအား သည်းငယ်မှ အဖော်ပြုပေးခဲ့ပြီး သည်းငယ်ကျောင်းတက်သည့် အချိန်မှစ၍ ဒေါ်ကြီးလက်ထဲ အလိုအလျောက် ရောက်သွားတော့သည်။ ယခုတော့... မင်ဟိုလေးပါ မူကြိုတက်နေပြီဖြစ်၍ ဒေါ်ကြီးမှာ အကုန် သူ့လက်သူ့ခြေ ဖြစ်နေတော့သည်။ ထို့ကြောင့် ဒေါ်ကြီးအား အရင်လို အိမ်အလုပ်တွေ သိပ်မလုပ်စေတော့ဘဲ မင်ဟိုလေးကိုသာ အချိန်ပေးစေသည်။ အဲ့အစား ကိုယ်က အလုပ်မသွားသည့် သည်လိုရက်မျိုးဆို မီးဖိုဆောင်ဝင်ကာ ချက်ပြုတ်ပေးဖြစ်သည်။
မနက်စာမို့ ပေါ့ပေါ့ပါးပါး အဆာပြေမုန့်များသာ ပြင်ဆင်ရသဖြင့် သိပ်တော့အပန်းမကြီးလှပေ။ သည်းငယ်ရော မင်ဟိုလေးပါ အခုတလော ဓာတ်ကျနေသည့် အသားညှပ်ပေါင်မုန့်မီးကင်သာ အလွယ်ပြုလုပ်လိုက်ပြီး နွားနို့အား ခပ်နွေးနွေးဖြစ်အောင် အပူပေးလိုက်သည်။ ပြီးနောက် ဧည့်သည်နှင့် ကိုယ့်အတွက် ကော်ဖီဖျော်ရန်ပြင်ရသည်။