ဘယ်အရာမဆို စိတ်အားထက်သန်ရင်...
မဖြစ်ဖြစ်အောင်လုပ်ရင်... ဖြစ်ကိုဖြစ်လာတယ်ဆိုတာ သည်းငယ်နဲ့မှ လက်တွေ့သိလိုက်ရတယ်။ သည်းငယ်ပေးတဲ့ စိတ်စွမ်းအားတွေကြောင့်လဲ ပါတာပေါ့။ သည်းငယ်က အရာရာပဲဟာ။သည်းငယ်အတွက် သီးသန့်ကုထုံးက လေးလကြာတဲ့အထိကို မထူးခြားခဲ့ဘူး။ မင်ယောင်းအပါအဝင် တာဝန်ယူထားတဲ့ဆရာဝန်ကလဲ အိုကျသွားလိုက်တာ... ဒီက,လူ စိတ်ပူဖို့လဲ ထားကြပါဦး။ ကိုယ်ကတော့ စီစဥ်စရာတွေများလွန်းလို့ သူတို့ကို အာရုံထဲမထည့်နိုင်တော့ဘူး။ သည်းငယ်က ကိုယ့်ဆီပြန်လာမှာ ကိုယ်သိတာပေါ့။
ဒီအတောအတွင်း မြို့အစွန်လေးက ခြံအကျယ်ကြီးထဲ အိမ်လေးလဲ ဆောက်လို့ပြီးပြီ... သည်းငယ်ကြိုက်တဲ့ နှင်းဆီအဖြူတွေကိုလဲ ခြံတစ်ဝက်လုံးနီးပါး အပြည့်စိုက်ပြီးသွားပြီ။ နှင်းဆီအဖြူ... ကုတင်ဘေးက ပန်းအိုးလေးထဲ နှင်းဆီအဖြူထိုးထားရင် သည်းငယ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်လေ... အိမ်မက်ယောင်တာမျိုးလဲ မရှိဘူး။ ကိုယ်က သည်းငယ်အိမ်မက်ဆိုးမက်မှာ သိပ်ကြောက်တာ။
ကိုယ်တို့နှစ်ယောက် အတူနေမယ့်အိမ်ကို စိတ်တိုင်းကျ ပြင်ဆင်လို့အပြီး... သိပ်မကြာခင်မှာပဲ သည်းငယ် သတိပြန်လည်လာခဲ့တယ်။ နှမြောဖို့ကောင်းတာက အဲ့အချိန်မှာ ကိုယ် သည်းငယ်နဲ့အတူရှိမပေးနိုင်ခဲ့ဘူး။ သည်းငယ် မျက်ဝန်းထဲ အရင်ဝင်ရောက်ခဲ့တဲ့သူက ကိုယ်မဟုတ်လို့ မင်ယောင်းကို အရမ်းမနာလိုတာပဲ။ ရုပ်ချင်းဆင်တဲ့ညီအစ်ကိုတွေ အကြိုက်ချင်းတူနေမှာ ကြောက်တယ်။
ကံတရားက ကိုယ့်ဘက်မှာရှိနေတယ် ထင်ပါရဲ့။ ဘာမှမမှတ်မိတော့တဲ့ သည်းငယ်ရဲ့အခြေအနေက ကုထုံးအောင်မြင်တာလား... ကိုယ်လိုချင်တဲ့ အဆိုးရွားဆုံးရလဒ်လား။ ဘာပဲဖြစ်ဖြစ် ဇာတ်ညွှန်းကရှိပြီးသားမို့ ဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ ကိုယ်နဲ့သည်းငယ်က အလိုက်သင့်လေး စီးမြောပေးရုံပဲ။ ကိုယ့်အချစ်ပူပူနွေးနွေးထဲ ပျော်ဝင်လိုက်စမ်း သည်းငယ်... မဟုတ်ဘူး... အတူတူပျော်ဝင်ကြတာပေါ့။
ကိုယ်က ချစ်ပေးနေရရင်ကို ပျော်နေတဲ့ကောင်စားမျိုး။ အခုလို ဘေးနားထားပြီး မျက်စိအောက်ကအပျောက်မခံ ချစ်ချင်တိုင်း ချစ်ခွင့်ရတော့ ဘာပြောကောင်းမလဲ။ ကိုယ်သိပ်ပျော်တယ်။ ကိုယ့်အချစ်တွေကို သည်းငယ်က အသာတကြည်လက်ခံပေးတဲ့အခါ ကိုယ့်အတွက် ဘာမှထပ်မလိုတော့ဘူး။