မြင်ကွင်းထဲ နည်းနည်းချင်းဆီ တိုးဝင်လာသော အလင်းတန်းအချို့ ... စူးအောင့်လာသော မျက်ဝန်းအစုံမှာ ယခုမှ အလင်းရောင်ရရှိဖူးသလိုပင်။ ကြိုးစားအားထုတ်လျက် မျက်လုံးများဖွင့်ကြည့်သော်လည်း ဝိုးတဝါးသာ ... ။
စကားပြောသံအချို့ကြားရသော်ငြား အသံတို့မှာ ရင်းနှီးမနေ။ ကြားတစ်ချက် မကြားတစ်ချက် အသံတို့နှင့် မပီပြင်သော ပုံရိပ်တို့ကိုသာ လွတ်ထွက်မသွားစေရန် အာရုံစိုက်နေမိသည်။
ဒီတစ်ခါတော့ မျက်လုံးများ ပြန်မှိတ်မသွားစေရန်သာ အတင်းအားယူနေရသည်။
"တီ တီ တီ တီ တီ တီ ... "
အဆက်မပြတ်မြည်နေသော အသံနှင့်အတူ ဘေးနားတစ်ဝိုက် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ တစ်ဖြည်းဖြည်း ပြတ်သားလာသော မြင်ကွင်းထဲ မိမိအား စိုးရိမ်တစ်ကြီး ကြည့်နေသော အမျိုးသမီးတစ်ဦး။
မိမိ သတိပြန်လည်လာသည်ကိုကြည့်ပြီး မျက်ရည်ကျမတတ် ဝမ်းသာနေသောသူမ။ ဆံပင်လေးသပ်ပေးလိုက် နဖူးလေးစမ်းလိုက် ရင်ညွန့်ထိရောက်နေသော စောင်အား ထပ်ဆွဲပြီးခြုံပေးလိုက်နှင့် အလုပ်ရှုပ်နေလေသည်။
နွေးထွေးသော အပြုံးတို့နှင့် သူမအား အနေရမခက်တာတော့ အမှန်ပင်။ တည်ငြိမ်သော်ငြား ငယ်ရွယ်သောပုံစံကြောင့် မိခင်တော့ မဖြစ်နိုင်... ။ မိခင်ဖြစ်သူအကြောင်း စဉ်းစားမိတော့ ခေါင်းထဲဘာမှပေါ်မလာ... ။ မိသားစု . အပေါင်းအသင်း... ဆက်တိုက်တွေးမိသောကြောင့် ရုတ်တရက် ထိုးကိုက်လာသည့် ခေါင်း။ ထံကုန် မိမိ မည်သူမည်ဝါ ဖြစ်ကြောင်းပါ စဉ်းစားမရတော့။
"ဘတ်ဟျွန်း . ဘာဖြစ်လို့လဲဟင်။ ခေါင်းတအားကိုက်နေလို့လား။"
ချာချာလည်နေသော ခေါင်းကြောင့် လှုပ်တောင်မလှုပ်ရဲ ... ။
"သတိမေ့နေတဲ့အချိန်ကြာသွားလို့ ဖြစ်တတ်တဲ့သဘောပါ။ လတ်တလောတော့ ဘာမှမတွေးတာ အကောင်းဆုံးပဲ"
သတိမေ့နေတာ... ကျွန်တော်က သတိမေ့နေတာတောင် ကြာပြီတဲ့လား။
"ကျွန်တော် ထိုင်ချင်လို့..."
အကူအညီတောင်းတော့ ထိုင်ရန် ကူတွဲပေးသည်။ သေချာကြည့်မှ အဖြူရောင် ဂျူတီကုတ်နဲ့ သူမသည် ဆရာဝန်မှန်းသိ၏။