"ဒီညတော့ ကိုယ်စိတ်တိုင်းကျ နမ်းပါရစေ ဟျွန်းငယ်။"
တောင်းဆိုခြင်းဟု ဆိုသော်ငြား အသိပေးခြင်းသပ်သပ်သာ...။ ဘယ်သောအခါမှ ခွင့်ပြုချက်အား မစောင့်စား... သို့မဟုတ် မလိုအပ်သည်အထိ ငြင်းပယ်ခွင့်မရှိဟု ယူဆထားသည်ထင်၏။ ငြင်းပယ်မှာလဲမဟုတ်သလို... သူဆိုတာ ကျွန်တော့်ကို ထိခိုက်နာကျင်အောင် လုပ်မည်မဟုတ်ပေ။
သို့ရာတွင် သူကြင်နာသလို ပြန်မကြင်နာနိုင်သည့်အခါ စိတ်ပျက်သွားမှာလဲ ဆိုးရသည်။ အချိန်တိုအတွင်း သူ၏ အလေးပေးမှု၊ ဂရုစိုက်မှုတို့အပေါ် အသားကျလို့နေနှင့်ပြီ။ အနေနီး၍လား တကယ်ပဲခံစားချက်တို့ ရှိနေသည်လား ကျွန်တော်ကိုယ်တိုင်လဲ မသေချာ...။ ဒီအရူးကောင်က အချစ်ဆိုတာတောင် ဘာမှန်းသေချာသိရဲ့လား...။
လက်ထပ်လက်စွပ် အပြန်အလှန် ဝတ်ပေးသည့် နေ့မှစ၍ နောက်တစ်ကြိမ် နမ်းလာသော အနမ်းပင်။ သူ့ပုခုံးအား သွယ်ယှက်ထားသော လက်တို့ကို အဖြုတ်မခံ။ အပေါ်မှ အုပ်မိုး၍ ဦးခေါင်းနောက် လက်ခုကာ ခေါင်းမော့စေပြီး ခါးမှလက်သည်လဲ အားမလျော့...။
ရုတ်တရက် အောက်နှုတ်ခမ်းအား ဖိကိုက်လိုက်သဖြင့် နာကျင်မှုကြောင့် အနည်းငယ် ပွင့်ဟသွားသော အာခံတွင်းအတွင်းသို့ ဝင်ရောက် မွှေနှောက်လာလေသည်။ လျှာဖျားချင်း ထိစပ်သွားသည့် အခါမှာတော့ တစ်ကိုယ်လုံး ဓာတ်လိုက်သလို ကျင်တက်သွားရသည်။ အငမ်းမရ စုပ်ယူနမ်းရှိုက်နေခြင်းကြောင့် ခြေချောင်းတို့ပါ ကုပ်ထားမိသည်အထိ။
ခါးအောက်မှ နောက်ကျောပြင်သို့ လက်ကိုလျှိုသွင်းပြီး ပွတ်သပ်လာသောကြောင့် မှိတ်ထားသော မျက်လုံးတို့ ပွင့်လာရသလို ပုခုံးကနေ တွန်းထုတ်မိသည်။ နှစ်ယောက်စလုံး ချက်ချင်းစကားမပြောနိုင်။ အသက်အမြန်ရှူသွင်းနေရသည်။ ကျွန်တော်အသက်ရှူလို့ မဝသေးခင်မှာပဲ ပါးထဲနှာခေါင်းနစ်ဝင်မတတ် ဖိကပ်ထားကာ....
"နမ်းရုံပဲ.... နော်!... သည်းငယ်က လိမ္မာပါတယ်။"
ထပ်ပြီး ခွင့်တောင်းခြင်းမဆိုသာသော စကားအောက်တွင် ကျွန်တော်မငြင်းပယ်မိပြန်။ နှုတ်ခမ်းမှတစ်ဆင့် ပါးပြင်၊ မေးရိုး၊ လည်တိုင် နှင့် Oversize Tshirt ၏ လျှောကျနေသောကြောင့် ညှပ်ရိုး နှင့် ပုခုံးစွန်း အထိပါ တရှိုက်မက်မက် အနမ်းပေးလာလေသည်။