အပူရှပ်ကာ လည်ချောင်းနာနေသဖြင့် ဒီနေ့တော့ ကိုကို့နောက် မလိုက်နိုင်တော့ဘဲ အိမ်မှာသာနေခဲ့ရသည်။ မနေ့က လျှောက်လည်ခဲ့သည့်အထဲ ကျွန်တော်တစ်ယောက်သာ အခုလိုဖြစ်နေပြီး ကိုကိုနှင့် မင်ဟိုလေးမှာ အကောင်းတိုင်းသာ။
မနက်စာစားပြီးသည်နှင့် ဆေးသောက်ကာ အိပ်ရာထဲပြန်လှဲနေဖြစ်သည်။ အရေးကြီးအစည်းအဝေးရှိ၍ company သို့ သွားသည့် ကိုကိုဟာ ပြီးသည်နှင့် ချက်ချင်းပြန်လာမည်ဟုဆို၏။ တကယ်က ဖျားဖို့ဆိုတာဝေး ကိုယ်တောင်မပူ... အသံနည်းနည်းဝင်နေခြင်းပင်။
ခဏလောက်မှေးလိုက်ရသဖြင့် နည်းနည်းတော့ သက်သာသွားသလိုရှိသည်။ စိတ်ထဲ ခဏလေးဟု ထင်နေသော်ငြား နေ့လည်ပင်ရောက်လုနီးနီးဖြစ်သည်။ မကြာခင် ကိုကိုပြန်လာတော့မည်ဖြစ်၍ မမမင်ယောင်းထံ အလျင်အမြန် ဖုန်းခေါ်ရတော့သည်။ အမြဲ ကိုကိုက အနားရှိသည်မို့ ဒီနေ့လို အချိန်ရသည့်ရက်မှာ ရှားလှသည်။
"ဟယ်လို... မမမင်ယောင်း လား။''
*မေမေ အိပ်နေတယ်ဗျ... ... ...
... ... ... အာပါး?*ချစ်စဖွယ် အသံစူးစူးလေးကြောင့် မပြုံးဘဲမနေနိုင်။
"အင်း... အာပါး။ မေမေ အိပ်တာကြာပြီလား မင်ဟိုလေး။''
*နည်းနည်းတော့ကြာပြီ အာပါး။ အာပါး ဒီမှာ ဖွားဖွားက စကားပြောချင်လို့တဲ့။ သား ဖုန်းလွှဲပေးလိုက်မယ်နော်။*
အရွယ်နှင့်မလိုက်အောင် သိတတ်သည့် မင်ဟိုလေးဟာ သွက်သွက်လက်လက်လည်းရှိလှသည်။ တစ်ဆက်တည်း ဝင်လာသည့် ခံစားချက်များကြောင့် စိတ်မောပြီး သက်ပြင်းသာချမိတော့သည်။
*ဘတ်ဟျွန်းလေး... အန်တီပါ။*
"ဟုတ်ကဲ့ အန်တီ''
*မင်းမမကတော့ ဆေးသောက်ပြီးကတည်းက အိပ်ပျော်သွားတာ... အန်တီလည်း မနှိုးချင်တာနဲ့ ဆက်အိပ်ခိုင်းထားလိုက်တယ်။ သမီးပြောပြလို့ အန်တီတို့လည်း ကြားပြီးပါပြီ။ အန်တီတို့ကတော့ ဘာမှမပြောလိုပါဘူး သားရယ်။ ဒါပေမယ့် သား မိသားစုဘက်က လက်မခံရင်တော့ အတင်းအကြပ်မလုပ်စေချင်ဘူး။*