ဒီနေ့ည ခြံထဲက နှင်းဆီခင်းထဲ လမ်းလျှောက်ဖြစ်ကြသည်။ သေချာပေါက် သူ့ကိုတွဲထားရင်းနဲ့ပေါ့။ ကျွန်တော်မှ လူကောင်းတစ်ယောက်လို လမ်းမလျှောက်နိုင်သေးဘဲ...။
"ဟျွန်းငယ်"
လမ်းလျှောက်နေရင်းမှ အရှေ့တွင်ရပ်ကာ ကျွန်တော့်လက်ကို ဆွဲကိုင်ယူလိုက်ပြီး ဘယ်ဖက်လက်သန်းကြွယ်တွင် လက်စွပ်လေးအား နေရာယူစေသည်။ ထို့နောက် ကျွန်တော့်လက်ထဲသို့ လက်စွပ်တစ်ကွင်း ထည့်ကာ...
"ပြန်ဝတ်ပေးလေ . ဘာကြောင်ကြည့်နေတာတုန်း။"
"ဗျာ ... ဟုတ်။"
သူလုပ်သမျှ ကြောင်ကြည့်နေရာမှ သတိပေးလာသောကြောင့် သူ့လက်သန်းကြွယ်တွင် လက်စွပ်အမြန်ဝတ်ပေးလိုက်ရသည်။ သူ့ကိုပြန်ကြည့်လိုက်တော့ ကျွန်တော့်ကိုစူးစူးနစ်နစ် စိုက်ကြည့်နေသဖြင့် အကြည့်လွှဲရသေးသည်။
"ကိုယ်နမ်းလို့ရမလား။"
လေသံကတော့ နေ့လည်က တစ်ဇွတ်ဇွတ်နမ်းနေတာ သူမဟုတ်သလို...။
"ဘာမှပြန်မပြောရင် သဘောတူတယ်လို့ ယူဆလိုက်ပြီနော်။"
ချက်ချင်းဆိုသလို မေးကနေကိုင်ကာ မျက်နှာကိုမော့စေပြီး တစ်ဖြည်းဖြည်းနီးကပ်လာသော နှုတ်ခမ်းဖူးဖူးကြောင့် မျက်လုံးကို အမြန်မှိတ်ချလိုက်ရသည်။ ထိကပ်သွားရုံဖြင့်သာ အဆုံးသတ်မည်ဟု ထင်မှတ်ထားသော်လည်း အပေါ်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်းကိုပါ တစ်လှည့်ဆီ စုပ်ယူနမ်းရှိုက်လာလေသည်။
နှုတ်ခမ်းတစ်ခုလုံး ပူထူနေပြီဖြစ်သလို ခေါင်းမော့ထားသောကြောင့် အတော်ပင်ညောင်းနေပြီဖြစ်သည်။ သူ့လက်မောင်းကို တွန်းနေသော်ငြား ခါးကိုခပ်တင်းတင်း ပွေ့ဖက်လာသဖြင့် အခုဆို သူနဲ့ကျွန်တော့်ကြားတွင် လေတောင်တိုးတော့မည်မထင်...။ ကျွန်တော်လဲ အသက်ရှူမဝတော့သလို သူကိုယ်တိုင်လဲ အသက်ရှူသံတွေမမှန်တော့...။
နောက်ဆုံး သူ့ကျောပြင်အား ခပ်ပြင်းပြင်းတစ်ချက် ရိုက်လိုက်မှသာ လွှတ်ပေးတော့သည်။ သူသာဖက်မထားရင် ကျွန်တော်တော့ ခြေမခိုင်ဘဲ မြေပြင်ပေါ် လဲကျနေလောက်မည်ထင်၏။ အခုတောင် သူ့ရင်ဘတ်ပေါ်မှီကာ အသက်မနည်းရှူနေရသည်။