အခန်းရှေ့တွင် ခြေချင်းလိမ်မတတ် လျှောက်နေရာမှ တစ်ခုခုကို သတိရသွားသဖြင့် အောက်ထပ်က မီးဖိုခန်းဆီ ဝင်လာခဲ့သည်။
အဖုံးဖွင့်လိုက်သည်နှင့် အငွေ့တလူလူထွက်ကာ ပွက်ပွက်ဆူနေသော စွတ်ပြုတ်အိုးအား ယောက်ချိုဇွန်းဖြင့် တစ်ချက်မွှေလိုက်ပြီး အဆင်သင့်ပြင်ထားသော လှီးဖြတ်ပြီးသား ကြက်သွန်မြိတ်များအား ထည့်လိုက်ပြီး မီးပိတ်ကာ အဖုံးပြန်အုပ်ထားလိုက်သည်။
ပြီးနောက် အပေါ်ပြန်တက်ခဲ့ပြီး အခန်းတံခါးရှေ့ရပ်ကာ နားနှင့်ကပ်ပြီး မကြားရမှန်းသိလျက် နားစွင့်နေမိသည်မှာ အသက်တောင်ရှူဖို့မေ့သည်။
မထူးတော့သည့်အဆုံး စိတ်ပိုင်းဖြတ်ကာ အခန်းတံခါးကို ခေါက်လိုက်လေသည်။ တုံ့ပြန်မှုတစ်စုံတစ်ရာ မရရှိသောကြောင့် သက်ပြင်းငွေ့ငွေ့ချကာ အခန်းရှေ့တည့်တည့်တွင် ဒူးထောက်ထိုင်ချလိုက်တော့သည်။
"သည်းငယ်... ကိုယ်တောင်းပန်ပါတယ်။''
မမျှော်လင့်ထားသော်လည်း မနေ့ညက သည်းငယ်ခွင့်ပြုလိုက်သဖြင့် ဝမ်းသာလုံးဆို့ကာ ချုပ်တည်းထားသမျှ လွှတ်ချလိုက်မိသည်။ ဘယ်နှစ်ကြိမ်မြောက်မှန်းတောင် မမှတ်မိတော့သလို သတိတရအချိန်ကြည့်လိုက်တော့ မိုးတောင်လင်းနေပြီဖြစ်သည်။
အဲ့ကထဲက လူကိုအခန်းအပြင် မောင်းထုတ်လိုက်သည်မှာ ရေတောင်ဒေါ်ကြီးတို့အိမ်ဘက်တွင် သွားချိုးရသည်။ ညစ်ပတ်ပေရေနေသောကြောင့် ရေမချိုးလို့ကလဲမရ...။ ရေမိုးချိုးပြီးပြန်လာတော့ အထဲမှလော့ချထားပြီး အခန်းထဲ လုံးဝအဝင်မခံတော့ပေ။
သည်းငယ်တစ်ယောက်ထဲ စိတ်မချသဖြင့် ဒေါ်ကြီးကိုသာ ရှေ့မျက်နှာနောက်ထားပြီး အကူအညီတောင်းရတော့သည်။ ကံကောင်းစွာ ဒေါ်ကြီးကိုတော့ အခန်းထဲပေးဝင်သောကြောင့် ဆေးတိုက်ခိုင်းပြီး အိပ်သည်အထိ စောင့်ကြည့်စေလိုက်သည်။
သိပ်မကြာလိုက်... ဆေးအရှိန်နှင့် အိပ်သွားပြီဟုဆိုကာ ဒေါ်ကြီးက ပြန်ထွက်လာပြီး အကျိုးအကြောင်းပြောပြသည်။ ကိုယ့်ကိုပါ အခန်းထဲ လုံးဝပေးမဝင်ဖို့ပါ ကတိတောင်းသွားသည်တဲ့လေ။