အလင်းတန်းသည် မျက်လုံးပင်မဖွင့်နိုင်အောင် စူးရှလှသည်။ လက်နှင့်ကာ,ကာ ဖြေးဖြေးချင်း ဖွင့်ကြည့်တော့ အလင်းလာရာကို မျက်နှာမူလျက် ကျွန်တော့်ကိုကျောခိုင်းထားသော ရင်းနှီးနေသည့် ကျောပြင်ကျယ်ကြီး။
"ကိုကို... ဘာရပ်လုပ်နေတာလဲ''
ကိုကိုကလှည့်မကြည့်... မဟုတ်ဘူး... ကြားရောကြားရဲ့လားမသိပေ။
"ကိုကို... ဟျွန်းငယ်က ဒီမှာလေ... ကိုကို့နောက်မှာ။''
အလင်းတန်းကို လက်ဖြင့်ကာရင်း ကိုကိုအနား ဖြေးဖြေးချင်းတိုးသွားလိုက်သည်။ အနားရောက်တော့ ကျွန်တော့်ကို သတိထားမိစေရန် ပုခုံးကိုလက်ဖြင့်ပုတ်လိုက်သည်။
ထိုအခါမှ သတိထားမိသွားဟန်ဖြင့် ကိုကိုက အနောက်သို့ လှည့်ကြည့်လာသည်။ သို့သော် အလင်းတန်းကြောင့် မျက်နှာအားသေချာမမြင်ရ...။ ပြုံးပြနေမှန်းတော့သိသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်အနှစ်သက်ဆုံး ကိုကို့ပါးပေါ်က ပါးချိုင့်ကြီးအား ထင်ရှားစွာမြင်တွေ့ရသောကြောင့်ဖြစ်သည်။
ကိုကိုက တစ်ခုခုကိုနှုတ်မှရေရွတ်လိုက်သည်။ ဘာအသံမှမကြားရသော်ငြား... ဘာကြောင့်ရင်ထဲ 'ဟျွန်း' ဟု ပဲ့တင်သွားပါလိမ့်။ ကျွန်တော့်ကိုကြည့်ကာ ကိုကိုက သဘောကျစွာပြုံးလိုက်ပြီး 'ဟျွန်း' 'ဟျွန်းလေး' ဟု အထပ်ထပ် အခါခါ ရေရွတ်နေသည်။ ပြီးနောက် ကျွန်တော့်အနားမှ ဖြေးညှင်းစွာ တရွေ့ရွေ့ ပျောက်ကွယ်သွားတော့သည်။
"ကိုကို!!!!!"
"သည်းငယ်... သည်းငယ်... ဘာဖြစ်လို့လဲ။ ဟင်! သည်းငယ်။''
ကိုကိုကလှုပ်နှိုးမှသာ မျက်ရည်အရွှဲသားဖြင့် နိုးလာခဲ့သည်။ စိုးရိမ်စွာဖြင့် ငုံ့ကြည့်နေသော ကိုကို့ရင်ခွင်ထဲဝင်ကာ လွတ်ထွက်မသွားအောင် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ အိမ်မက်ထဲမှာလို ပျောက်ကွယ်သွားမှာကြောက်သည်။
"သည်းငယ်... အိမ်မက်ဆိုးတွေမက်လို့လား... ဟုတ်လား။''
"အင်း... ကိုကို့ကို အိမ်မက်မက်လို့။''
"အယ်... ကိုကို့ကို အိမ်မက်မက်တာ လန့်တောင်နိုးတယ်ပေါ့ ဟုတ်လား... အိမ်မက်ဆိုးလို့တောင် ပြောလိုက်သေးတယ် ကြည့်စမ်း... ပေါက်စကတော့။''