မနက်ခင်းအချိန်တွင် ဦးလေးမှာ နှင်းဆီခင်းအားရေဖြန်းရင်း ချော်လဲသွားသောကြောင့် ခြေထောက်အဆစ်လွဲသွားပြီး ဆေးရုံတင်ထားရသည်။
ဖြစ်ဖြစ်ချင်း ကိုယ့်ကိုအသိမပေးဘဲ သူတို့ဘာသာ ဆေးလိမ်း၊ ပတ်တီးစည်းထားသောကြောင့် ချက်ချင်းဆေးရုံကားခေါ်ပြီး ဆေးရုံတက်ခိုင်းထားရသည်။ ကိုယ်သာ အဲ့ဘက်အိမ်တွင် ရေသွားမချိုးပါက သိလိုက်မည်မဟုတ်။
ဒါတောင် ဆေးရုံတွင် ဦးလေးစစ်ဆေးနေတုန်း လိုအပ်သည်များ ပြန်လာယူသော ဒေါ်ကြီးအား အားနာနာနှင့် ဟျွန်းငယ်အခန်းထဲဝင်ပြီး ဆေးတိုက်ရန် အကူအညီတောင်းရသေးသည်။
တိုက်ဆိုင်စွာပင် ထိုဆေးရုံတွင် မင်ယောင်းတာဝန်ကျသောကြောင့် ဖုန်းဆက်ပြီး ဒေါ်ကြီးတို့အတွက် အစစအရာရာ ဂရုစိုက်ပေးရန် လှမ်းပြောရသည်။ ဒေါ်ကြီးတို့မောင်နှမကိုပါ ရောဂါအရှင်းပျောက်မှ ပြန်လာရန် ပြောလိုက်သည်။
နောက်ပြီး ကိုယ့်မှာ အကောင်းကြီးကနေ ဘယ်ကနေဘယ်လို ထဖျားလဲမသိ။ ကိုယ်နွေးနေသော ဟျွန်းငယ်အားဖက်ထားရင်း တစ်ဖြည်းဖြည်း မှေးစင်းလာသော မျက်လုံးကြောင့် အိပ်ပျော်သွားတော့သည်။
နိုးလာတော့ ရင်ခွင်ထဲမှ ဟျွန်းငယ်ဟာ ကုတင်ဘေးတွင်ရောက်နေပြီး ကျုံ့ကျုံ့ကလေးထိုင်ကာ ငိုတော့မလိုဖြစ်နေသည်အား တွေ့လိုက်ရသည်။
နိုးနိုးချင်း ထထိုင်ပါသော်လည်း တစ်ကိုယ်လုံးကိုက်ခဲနေပြီး ခေါင်းကပါ တဆစ်ဆစ်နှင့် ထိုးကိုက်နေသဖြင့် စိတ်သွားတိုင်း ကိုယ်မပါဘဲ ဖြည်းဖြည်းချင်း လှုပ်ရှားနေရသည်။
ကုတင်အောက်ကနေ ကိုယ့်ကို မော့ကြည့်နေသော ဟျွန်းငယ်မှာ ကိုယ့်ပုံစံကိုကြည့်ပြီး မျက်ရည်ဝိုင်းနေပြီဖြစ်သည်။ ပါးစပ်မှလဲ သူ့ဆီက အဖျားကူးသည်ဟု တတွတ်တွတ်ပြောကာ သူ့ကိုယ်သူ အပြစ်တင်နေသေးသည်။
ပိုဆိုးသည်မှာ မနေ့ညက အတူနေသည့်ကိစ္စကြောင့် သူရောကိုယ်ပါ နေမကောင်းဖြစ်ရသည်ဟုဆိုကာ နောက်နောင် လုံးဝအတူမနေတော့ဟု အမိန့်ထုတ်ပြန်လိုက်ခြင်းပင်။