ဟိုလုပ်ဒီလုပ်နှင့် တကယ်တမ်း အိမ်ကထွက်ခွာဖြစ်သည့်အချိန်မှာ သူရိန်နေမင်းက ခေါင်းအပေါ်တည့်တည့် ရောက်လုနေပြီ။ သို့ဖြစ်ပါ၍ ကစားကွင်းသွားမည့်အစီအစဥ်အား နောက်ဆုတ်ကာ အပန်းဖြေအနားယူနိုင်သည့် ပန်းဥယျာဥ်သို့သာ ဦးဆုံးချီတက်ခဲ့ကြသည်။
အရင်ထဲက သည်းငယ်နှင့်သွားရန် စီစဥ်ထားခဲ့ပေမဲ့ အလုပ်မအားသည်က တစ်ကြောင်း... အလုပ်ပါးသည့်အခါတွင်လည်း သည်းငယ်အနားမှာပဲ ကပ်နေချင်သည့်စိတ်ကြောင့် အစီအစဉ်မဖြစ်မြောက်ခဲ့ပေ။ အခု ဖြစ်မြောက်ခဲ့ပြီဆိုသော်ငြား အရှုပ်ထုပ်တစ်ထုပ်က ဝင်နှောက်နေသည်။
ကားပေါ်စတက်ကတည်းက နှောက်ခြင်းဖြစ်သည်။ သူ့အတွက် သည်းငယ်က အနောက်ခန်းတွင် စိတ်ချရသည့် ကလေးခုံနှင့်ဘာနှင့် သေချာလေး ပြင်ဆင်ပေးထားပေမဲ့ အနောက်ခန်းတွင် တစ်ယောက်ထဲမထိုင်ချင်ဘူးဟုဆိုကာ သည်းငယ်အား အတူလာထိုင်ပေးရန် ဂျီကျတော့သည်။
ထိုင်ခိုင်းစရာလား! ကိုယ်က ကားဒရိုက်ဘာလည်းမဟုတ်... ရှေ့ခန်းမှာ တစ်ယောက်ထဲ ထီးထီးကြီး ကားမောင်းနေရအောင်။
ဤသည်နှင့် နောက်ဆုံးမှာတော့ အရှုပ်ထုပ်ဟာ ရှေ့ခန်းက သည်းငယ်ပေါင်ပေါ်သို့ ရောက်သွားတော့သည်။ ကားမောင်းရင်း သည်းငယ်လက်ကလေးကိုင်ဖို့ လုပ်နေသည်ကိုလည်း အရှုပ်ထုပ်က သည်းငယ်အား သူ့ကိုပွေ့ဖက်ထားစေသောကြောင့် ကိုယ့်မှာ ကားစတီယာရင်ကိုသာ တင်းနေအောင် ကိုင်ထားမိတော့သည်။
ပန်းဥယျာဥ်သို့ ရောက်သည့်အခါတွင်လည်း ကိုယ့်မှာ ဆွဲခြင်းတောင်းကြီးနှင့်အတူ တခြားအထုပ်ကြီးငယ်ကိုပါ လက်ဝယ်ကိုင်ဆောင်ရင်း ရှေ့ဆောင်လမ်းပြနှစ်ယောက်၏ အနောက်သို့ လိုက်ပါခဲ့ရပြန်သည်။ တစ်ယောက်မှ ကူဆွဲပေးရမလား မေးဖော်မရ။ ကော့တော့ကော့တော့ဖြင့် ထိုင်စရာနေရာ လိုက်ရှာနေကြသည်။
လိုရမယ်ရ အခင်းလေး အပိုယူခဲ့မိ၍သာ တော်သေးသည်။ အရိပ်ကောင်းသည့်နေရာ ရှာတွေ့သည်နှင့် စခန်းချတော့၏။ ပိတ်ရက်မို့ လူများနေပေမဲ့ အရမ်းကြီးတော့ စည်ကားမနေ။ ကစားကွင်းထက်တော့ နားအေးပါးအေးရှိကာ အေးအေးလူလူနှင့် အနားယူလို့ကောင်းသည်။