အခန်း (704)

869 139 1
                                    

အခန်း  (၇၀၄)  :  ပိုင်နက်အား လာလုယူခြင်း

“ ဟားဟား …..” ကျယ်ကျယ်လောင်လောင် ရယ်သံကြီး ထွက်ပေါ်လာ၍ အားလုံးက ဖေးလင် ဖွင့်လိုက်သော ကာကွယ်ရေး အစီအရင် အဝင်ဝသို့ လှမ်းကြည့်လိုက်ကြသည်။
မီးခိုးရောင် ဝတ်ရုံနှင့် အမျိုးသားက နောက်ထပ် အမျိုးသား တစ်ယောက်ကို ဆွဲလာရင်း နတ်ဆိုးတစ်ကောင်လို ဝင်ရောက်လာသည်။
“ အရှင်ဝေ ….” စုကျီအန်းက ထိုမီးခိုးရောင် ဝတ်ရုံနှင့် အမျိုးသား ဆွဲခေါ်လာသူမှာ အင်မော်တယ်အမဲလိုက်သူ အင်အားစုအဖွဲ့၏ ဝေကျီတောက်ဖြစ်ကြောင်း ချက်ချင်း သတိပြုမိလိုက်သည်။
အင်မော်တယ် ဧကရာဇ် အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ဒီလို ခေါ်လာတာတဲ့လား ….
ဒီလူက ဘယ်လောက်တောင် အားကောင်းနေတာလဲ ….
ဘေးကင်းနွယ်တောင်၌ ဝေကျီတောက်မှာ အားအကောင်းဆုံး ကျင့်ကြံသူ ဖြစ်သော်လည်း ယနေ့တွင်မူ ပါးမွှားလေးအဖြစ် ဆက်ဆံခဲ့နေရ၏။
စုကျီအန်းမှာ ဘေးကင်းနွယ်တောင်သို့ နောက်ဆုံး ရောက်လာသူထဲမှ တစ်ယောက် ဖြစ်သောကြောင့် ဝေကျီတောက်ကို ခေါ်လာသော မီးခိုးရောင် ဝတ်ရုံနှင့် အမျိုးသားမှာ မည်သူမှန်း သေချာမသိပေ။
စုကျီအန်းက ထိုလူမှာ မည်သူမှန်း မသိသော်လည်း ဖေးလင်နှင့် ချာလွေ့တို့က သူ့အား ချက်ချင်း မှတ်မိလိုက်ကြပြီး တအံ့တဩ ရေရွတ်လိုက်ကြသည်  “ ပိုင်ယဲ့လား .. ”
“ ဟားဟား …. ဒီနှစ်တွေမှာ ငါ့ကို မှတ်မိနေတဲ့ သူတွေ ရှိနေဦးမယ်လို့ ထင်မထားဘူး။ ဒီနေရာလေးက ကောင်းတယ်။ အဲကြောင့် နောက်ကျရင် ငါ ဒီမှာ နေမယ်။ အားလုံး ငါ့ဆီ ဦးညွှတ်ဖို့ အခွင့်အရေး ပေးမယ်။ မင်းတို့တွေက ငါ ပိုင်ယဲ့ လက်အောက်မှာ  ရှိလိမ့်မယ် ….” မီးခိုးရောင် ဝတ်ရုံနှင့် အမျိုးသားက ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ရင်း ကျေနပ်စွာ ပြောလိုက်သည်။
နျဲ့ချုံးအန်းက ရယ်မောသံကို ကြားလိုက်ပြီး ချက်ချင်း ပြေးထွက်လာသည်။ သူက မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသားကို မြင်သောအခါ သူလည်း တူညီစွာ အံ့ဩတုန်လှုပ်သွားကာ ပြောလိုက်၏  “ ပိုင်ယဲ့ …. ”
ဓားအကျဉ်းထောင်ထဲ နောက်မှ ရောက်လာသူများကြားတွင် ပိုင်ယဲ့ကို မှတ်မိသူများ အနည်းအကျဉ်းသာ ရှိသော်လည်း ဓားအကျဉ်းထောင်ထဲ အချိန်အတော်ကြာ ရောက်နေသူများကြား  အထူးသဖြင့်  ဘေးကင်းနွယ်တောင်သို့ ပြောင်းရွေ့ခံရပြီးနောက်  ပိုင်ယဲ့အကြောင်း မသိသူမှာ အနည်းအကျဉ်းသာ ရှိပေသည်။
ပိုင်ယဲ့က အင်မော်တယ် ဧကရာဇ် အလယ်အလတ် ထိပ်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် တက်လှမ်းဖို့ရာ ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။ ဘေးကင်းနွယ်တောင်ကို တွေ့ရှိပြီးနောက် ပိုင်ယဲ့မှာ ဝေကျီတောက်၊ ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့ ကဲ့သို့  သူ့ကိုယ်ပိုင် ပိုင်နက် ရှိခဲ့သည်။
ပိုင်ယဲ့က ရည်ရွယ်ချက် အကြီးမားဆုံးဖြစ်ပြီး သတိအကြီးဆုံး အမျိုးသား တစ်ဦး ဖြစ်ပေသည်။ သူက ဘေးကင်းနွယ်တောင်၌ ပိုင်နက်အကြီးဆုံး လက်ဝယ်ပိုင်ဆိုင်ခဲ့သည်။ ဖန်းဟုန်က ထိုအချက်ကို သဘောမကျ၍ ပိုင်ယဲ့နှင့် တိုက်ပွဲ ဖြစ်ခဲ့ရသည်။ ဖန်းဟုန်အနေနှင့် ပိုင်ယဲ့အား အနိုင် မယူနိုင်ချေ။ ထို့အပြင် ဖန်းဟုန်ကို ဒဏ်ရာရစေပြီးနောက်  ဖန်းဟုန်လက်အောက်မှ အင်မော်တယ် အုပ်စိုးသူ တစ်ယောက်နှင့် ဧကရာဇ် တပိုင်းအဆင့် နှစ်ယောက်အား သတ်ပစ်ခဲ့သည်။ သူက ထိုသို့မျိုး ကိစ္စကို ကိုင်တွယ်ဖြေရှင်းရာ၌ ရက်စက်ရမည် ဖြစ်ကြောင်း ပြောခဲ့သေး၏။
ပိုင်ယဲ့က ဖန်းဟုန်ကို သတ်ခါနီးတွင် ဝေကျီတောက်နှင့် ရှန့်ဟဲကောင်းတို့က ပူးပေါင်း၍ ပိုင်ယဲ့အား တားဆီးလိုက်ခြင်း ဖြစ်၏။ တိုက်ပွဲအပြီးတွင် လူများက ဝေကျီတောက်နှင့်ပင် ရင်ဆိုင်နိုင်ကြောင်း သိလိုက်ကြ၏။
အားလုံးကို အံ့ဩသွားစေသည်က တခြားသူများက ပိုင်နက်များ အရယူနေစဉ် ပိုင်ယဲ့က ရုတ်ချည်းဆိုသလို သူ့ပိုင်နက်အား လက်လျော့၍ အစအနမရှိ ပျောက်ကွယ်သွားခြင်း ဖြစ်၏။ ဖန်းဟုန်က ပိုင်ယဲ့နှင့် ရန်ကြွေး ရှိသောကြောင့်  ပိုင်ယဲ့ ထွက်သွားသည်နှင့်  ဖန်းဟုန်က ပိုင်ယဲ့၏ ပိုင်နက်ကို အပိုင်သိမ်းလိုက်သောကြောင့် ဖန်းဟုန်၏ အင်အားမှာ ဘေးကင်းနွယ်တောင်၌ အကြီးဆုံး ဖြစ်လာတော့သည်။
မည်သူကမှ ပိုင်ယဲ့ ထွက်သွားသည့် အကြောင်းအရင်းကို မသိကြသော်လည်း ဖေးလင်၊ နျဲ့ချုံးအန်းနှင့် ဝေကျီတောက်တို့၏ အပြုအမူကို မြင်ပြီး  သူ ထွက်သွားရန် ရွေးချယ်သွားသည့် အကြောင်းအရင်းမှာ ရှင်းလင်းသွားတော့သည်။  ပိုင်ယဲ့က ဘေးကင်းနွယ်တောင်၌ တစ်ခုခု လွဲမှားနေကြောင်း သိ၍ ဆက်မနေခြင်း ဖြစ်၏။
“ ဟားဟား  အင်မော်တယ်ရောင်းရင်းနျဲ့က မဆိုးဘူးပဲ … ဒီလောက်နှစ်တွေကြာတာတောင်  မင်းက ကမ္ဘာဦး စိတ်ဝိညာဉ်ကို ထိန်းထားနိုင်သေးတယ်။ အဲဆို ဒီနေရာက မင်းထိန်းချုပ်မှုအောက်မှာလား။ မဆိုးပါဘူး  မင်းမှာ အမြင်ကောင်းလေး ရှိတာပဲ  ….” ပိုင်ယဲ့က အားရပါးရ ရယ်မောလိုက်သည်။ နျဲ့ချုံးအန်းက အင်မော်တယ် ဧကရာဇ် တစ်ယောက် ဖြစ်ကာ ဘေးကင်းနွယ်တောင်ထဲ အပို့ခံရသည့် ပထမအသုတ်မှ လူများ ဖြစ်ပေသည်။ ထို့ကြောင့် ပိုင်ယဲ့က သူ ဘယ်သူမှန်း သိနေခြင်း ဖြစ်၏။
“ အင်မော်တယ်ရောင်းရင်း တာအိုအောင်မြင်မှုအပေါ် ဂုဏ်ပြုပါတယ် ” နျဲ့ချုံးအန်းက လက်နှစ်ဖက် ယှက်၍ ပြောလိုက်သည်။
ပိုင်ယဲ့က ခေါင်းညိတ်ပြကာ “ နျဲ့ချုံးအန်း … အရင်တုန်းကတည်းက ကျုပ် ဘေးကင်းနွယ်တောင်နဲ့ ပတ်သတ်ပြီး မှားနေတယ်ဆိုတာ သိလို့   ထွက်သွားခဲ့တာပဲ။ ဒီထူးခြားတဲ့ ကန္တာရကိုတော့ ခံစားမိပေမဲ့  အဲအချိန်တုန်းက မသေချာသေးလို့ ….
ဘေးကင်းနွယ်တောင်ရဲ့ ကပ်ဘေးပြီးသွားတော့ ဒီနေရာက ဓားအကျဉ်းထောင်ထဲမှာ ကျန်ရှိနေတဲ့ ဘေးကင်းနေတဲ့ နေရာတစ်ခုလို့ သိလိုက်တယ်။ ဒီကို ပြန်လာတဲ့ အကြောင်းအရင်းက ဒီနေရာကို တွေ့လိုက်လို့ပဲ  …..  ဒီနေရာက အင်မော်တယ်ရောင်းရင်းနျဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်ဆိုမှတော့  အင်မော်တယ်ရောင်းရင်းက ကျုပ်ရဲ့ ဂိုဏ်းကို ဝင်ပြီး ဒီနေရာမှာ ခြေကုပ်တစ်နေရာစာ ရအောင် မလုပ်ချင်ဘူးလား ”
ပိုင်ယဲ့က ရှေ့ဖြစ်ဟောကိန်း တာအို၌ ကျွမ်းကျင်သူ ဖြစ်သောကြောင့် ဘေးကင်းနွယ်တောင်မှာ ဘေးမကင်းမှန်း ခန့်မှန်းမိပြီး ထွက်သွားဖို့ရာ ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်ပေသည်။ ယခု ဘေးကင်းနွယ်တောင်မှာ ပျောက်ကွယ်သွားပြီး အန္တရာယ်လည်း ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် သူ့နောက်ဆုံး ကြိုတင်ခန့်မှန်းချက်မှာ ဤကန္တာရကား  ဓားအကျဉ်းထောင်ထဲ၌ ဘေးအကင်းဆုံး နေရာ ဖြစ်နေပေ၏။
ဓားအကျဉ်းထောင်ထဲတွင် နှစ်များစွာ ပုန်းကွယ်နေလာပြီးနောက် သူ့တွင် ရုပ်ခန္ဓာကျင့်စဉ် ရှိနေလျှင်ပင် ယိုယွင်းပျက်စီးနေပြီ ဖြစ်၏။ ကန္တာရက ဘေးအကင်းဆုံး ဖြစ်ကြောင်း အာရုံခံ သိရှိပြီးနောက် သူက ချက်ချင်း အပြေးအလွှား ရောက်လာခြင်း ဖြစ်ပေသည်။ သူက လမ်းတွင် ဒဏ်ရာအပြင်းအထန် ရထားသော ဝေကျီတောက်နှင့် တွေ့ရလိမ့်မည်ဟု မထင်ထားပေ။
အကယ်၍ ဝေကျီတောက်သာ ဒဏ်ရာ မရနေလျှင် သူက ဝေကျီတောက်ကို မရှုံးလျှင်ပင် အနိုင်ရနိုင်ခြေ မရှိကြောင်း သိထားသည်။ ဝေကျီတောက်က အသက်သွေးကို နိုးဆွထားပြီး နောက်ဆုံးစွမ်းအင်မျှသာ ကျန်သောကြောင့်  ပိုင်ယဲ့နှင့် တွေ့ပြီးနောက် ရုန်းကန်ခြင်းပင် မပြုနိုင်ဘဲ အသက်ရှင်လျက် အဖမ်းခံလိုက်ရခြင်း ဖြစ်၏။
သူက ဝေကျီတောက်ကို မသတ်သည့် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဝေကျီတောက်အား သူ့အတွက် ဓားစွမ်းအင်မြစ်ရေ ခပ်ခိုင်းရန် ဖြစ်ပေသည်။
သူက နျဲ့ချုံးအန်းကို ယဉ်ယဉ်ကျေးကျေး ပြောနေခြင်းမှာ နျဲ့ချုံးအန်းမှာ သူ့ကဲ့သို့ အင်မော်တယ် ဧကရာဇ် တစ်ယောက် ဖြစ်သောကြောင့် ဖြစ်၏။ နျဲ့ချုံးအန်းက ဝေကျီတောက်နှင့် ကွာခြားချက်မှာ နျဲ့ချုံးအန်း၏ အင်မော်တယ် စွမ်းအားများက ပိုပြီး သိပ်သည်းနေပြီး ကမ္ဘာဦး စိတ်ဝိညာဉ်မှာလည်း ဒဏ်ရာအပြင်းအထန် ရမထားပေ။ နျဲ့ချုံးအန်းတွင် ထိပ်တန်း ရုပ်ခန္ဓာကျင့်စဉ် ရှိနေမလားဟု သံသယ ဝင်လာမိသည်။ မဟုတ်လျှင် ဤနေရာ၌ ဘယ်လိုလုပ် သက်တောင့်သက်သာ နေနိုင်မည်နည်း။
နောက်အကြောင်းအရင်း တစ်ခုမှာနျဲ့ချုံးအန်းက ဤနေရာတွင် အဆင့် ၆ သေမင်းထောင်ချောက်  အစီအရင် ခင်းကျင်းထားနိုင်သောကြောင့် ဖြစ်ပေသည်။ သူ ပိုင်ယဲ့က ဤအစီအရင်ကို မကြောက်သော်လည်း ဓားအကျဉ်းထောင်ထဲ၌ ဒဏ်ရာမရလိုပေ။ သူက အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်နှင့်် အဆင့် ၆ သေမင်းထောင်ချောက်တို့နှင့် ရင်ဆိုင်ရလျှင် ဒဏ်ရာအပြင်းအထန် ရသွားနိုင်လောက်ပေသည်။
“ အစ်ကိုကြီးနျဲ့၊ အစ်ကိုကြီးဖေး ဘာတွေ ဖြစ်နေတာလဲ ” ပိုင်ယဲ့ ရောက်ရှိလာမှုက ရုတ်ရုတ်သည်းသည်း ဖြစ်သွားစေသောကြောင့် ဟန်ချင်းရုပင် ထွက်လာရသည်။
ဟန်ချင်းရုကို မြင်မြင်ချင်း ပိုင်ယဲ့၏ မျက်လုံးများမှာ လင်းလက်လာလေ၏။ ဟန်ချင်းရုက ကျင်းရှန်း နောက်ပိုင်းအဆင့်မျှသာ ရှိသေးကြောင်း သတိပြုမိလိုက်သည်။
ဤနေရာတွင် ဓားစွမ်းအင်များက အားအနည်းဆုံး ဖြစ်သော်လည်း တစ်ယောက်ယောက်က ဤနေရာ၌ ကျင့်ကြံပြီး အဆင့်တက်လာဖို့ရာ ကိစ္စကား မယုံကြည်နိုင်ဖွယ် ကောင်းလွန်းလှသည်။ အကယ်၍ တက်လှမ်းနိုင်ပါက ပိုင်ယဲ့သည် ဤနှစ်များအတွင်း အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့်သို့ တက်လှမ်းပြီးသား ဖြစ်နေလိမ့်မည်။ ဟန်ချင်းရုတွင် လျို့ဝှက်ချက်များ ရှိနေသည်က သိသာလှ၏။
သူ့အား ပိုမို စိတ်ပျော်စေသည်က ဟန်ချင်းရုမှာ မိန်းမလှလေး တစ်ဦးဖြစ်ကာ မိန်းမဆန်သော အလှပိုင်ရှင်လေး ဖြစ်နေ၏။ သူက မွေးဖွားလာစဉ်ကတည်းမှ ဓားအကျဉ်းထောင်ထဲ ရောက်မလာခင်အထိ ကိုယ်လုပ်တော်ပေါင်း ရာကျော် ရှိခဲ့သည်။ ဤနေရာထဲ ပိတ်လှောင်ခံရပြီးနောက် အသက်ရှင်ဖို့ရာ ရုန်းကန်နေရသောကြောင့် မိန်းမများအကြောင်း တွေးချိန်မရှိခဲ့ပေ။ ယခု ဆွဲဆောင်မှု ရှိလှသော မိန်းမလှလေး တစ်ဦးက သူ့ရှေ့ ပေါ်လာလေရာ သူမကို လက်လွှတ်လိုက်ရပါက သူ့တစ်ဘဝလုံး နှမြောတသ ဖြစ်နေရလိမ့်မည်။
သူက ဟန်ချင်းရုသည် နျဲ့ချုံးအန်း၏ အမျိုးသမီး ဖြစ်နေနိင်သည် ဟူသော အချက်ကို လုံးဝ လျစ်လျူရှုထားလိုက်သည်။ ဤနေရာ၌ နျဲ့ချုံးအန်း၏ ထောက်ခံမှုကို လိုအပ်သော်လည်း ယခု လိုအပ်နေသည်မှာ နျဲ့ချုံးအန်း၏ ထောက်ခံမှု မဟုတ်ဘဲ  ဟန်ချင်းရုလို မိန်းမလှလေး ဖြစ်၏။ နောင် ကန္တာရထဲ၌ တစ်ဦးတည်း အထီးကျန် ကုန်ဆုံးရမည့် နေ့ရက်များကို တွေးမိလိုက်ပြီး  ဟန်ချင်းရုကို မည်သို့ အလွတ်ပေးနိုင်မည်နည်း။
“ အင်မော်တယ်ရောင်းရင်းပိုင် …. ကျုပ်တို့ဂိုဏ်းချုပ်က အခုလက်ရှိ မရှိပါဘူး။ တကယ်လို့ အင်မော်တယ်ရောင်းရင်းပိုင်က  ဒီမှာ နေချင်ရင် အရင်ဆုံး ဂိုဏ်းချုပ် ပြန်လာပြီး အတည်ပြုပေးတာကို စောင့်ဖို့ လိုပါတယ် ” နျဲ့ချုံးအန်းက လက်နှစ်ဖက် ယှက်၍ ပြောလိုက်သည်။
ပိုင်ယဲ့မျက်နှာမှာ အမူအယာ ပြောင်းလဲသွားပြီးနောက် နှာခေါင်းရှုံ့ကာ  “ နျဲ့ချုံးအန်း …. ငါက ဒီမှာ နေမယ်လို့ ပြောနေတာ မင်းရဲ့ အမြင်ကို မေးနေတာ မဟုတ်ဘူး။ မင်းကို ဒီအစီအရင် ဖြေလျော့ပေးဖို့ အသက်ဆယ်ရှိုက်စာ ပေးမယ်။ မဟုတ်ရင်တော့  ငါ့ကို အပြစ်လာမတင်နဲ့ …. ”
နျဲ့ချုံးအန်းက ပြောလိုက်စဉ် ပိုင်ယဲ့အနေနှင့် နျဲ့ချုံးအန်းမှာ လိမ်ညာနေခြင်း ဖြစ်ကြောင်း သေချာသိနေသည်။ နျဲ့ချုံးအန်း၏  လက်ရှိ အင်မော်တယ် ဧကရာဇ် တစ်ဦး၏ အင်အားအရ အင်အားစု တစ်ခုခုသို့ ဝင်ရန် ဖြစ်နိုင်သော်လည်း ဂိုဏ်းတစ်ဂိုဏ်းဆီ ဝင်ဖို့ရာ မဖြစ်နိုင်ချေ။ ထို့အပြင် နျဲ့ချုံးအန်း၏ ကမ္ဘာဦး စိတ်ဝိညာဉ်မှာ တည်ငြိမ်နေဆဲ ဖြစ်သောကြောင့် ပြန်လည် ကောင်းမွန်လာနေသည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။ သူ့ပြန်လည်ကောင်းလာနှုန်းအရ ဂိုဏ်းသားတစ်ယောက်အနေနှင့် မည်သို့ ဖြစ်နိုင်မည်နည်း။
ဟန်ချင်းရုက  သူမဘာသာ ဖြတ်ကျော်ခဲ့ရသည့် အချိန်များစွာ ရှိခဲ့ပြီ ဖြစ်၍ ယခင်ကလို နူးနူးညံညံ တုံးတုံးအအ အမျိုးသမီးမျိုး မဟုတ်တော့ပေ။ သူမအနေနှင့် ပိုင်ယဲ့၏ အကြည့်မှ သူမကို စိတ်ဝင်စားနေကြောင်း ပြောနိုင်ပေသည်။
လက်ရှိ ပိုင်ယဲ့က နျဲ့ချုံးအန်းအား ခြိမ်းခြောက်နေသောကြောင့်  နျဲ့ချုံးအန်းက  ပေးဝင်လိုက်မည်လား  စိုးရိမ်မိကာ သူမက ရှေ့ထွက်လာပြီး ပြောလိုက်၏  “  ဒါက ဖင်းဖန်ရဲ့ ပိုင်နက်ပါ။ ဖင်းဖန်ရဲ့ အဖွဲ့ဝင်တွေနဲ့ ဖင်းဖန်ကို ဝင်ချင်တဲ့ သူတွေကိုပဲ လက်ခံပါတယ် …. ”
မိုဝူကျိ ထွက်မသွားခင် ဤနေရာ၌ သေမင်းထောင်ချောက်များကို အသက်သွင်းနိုင်သော  အစီအရင်အလံများအား သူမဆီ အပ်ခဲ့သည်။ ယခု တစ်ယောက်ယောက်က ဖင်းဖန်၏ ပိုင်နက်ကို လာရောက်သိမ်းဖို့ ကြိုးစားနေလေရာ သူမအနေနှင့် မည်သို့ ခွင့်ပြုနိုင်မည်နည်း။
ဖေးလင်က ဟန်ချင်းရုဘေးသို့ ပထမဆုံး လျှောက်လာသူ ဖြစ်၏။ နျဲ့ချုံးအန်းက ဟန်ချင်းရုဘေးတွင် ရောက်ရှိနေပြီးသား ဖြစ်ရာ သူ့မှော်ရတနာကိုပင် ဆွဲထုတ်လိုက်သေး၏။ သူက ဖင်းဖန်သို့ ဝင်ရန် ဆုံးဖြတ်ချက် ချလိုက်ကတည်းက ဖင်းဖန်ကို သစ္စာဖောက်ရန် လုံးဝ ရည်ရွယ်ချက် မရှိပေ။ ထို့ကြောင့် သွေးသစ္စာပင် ကျိန်ဆိုခဲ့ခြင်း ဖြစ်ပေသည်။ ဂိုဏ်းချုပ်မို မှ လွဲ၍ ဓားအကျဉ်းထောင်ထဲ၌  ကျန်သူများက သူ့အား သဘာဝကျီ ဆေးလုံး ပေးနိုင်မည်နည်း။ ထို့အပြင် သူက ဟန်ချင်းရု တစ်ယောက် ထောင်ချောက်များ အသက်သွင်းလိုက်သည့်အခါ မိုဝူကျိ ပြန်ရောက်လာလိမ့်မည်ဟု ယုံကြည်နေမိသည်။
ဖေးလင်အား အံ့အားသင့်သွားစေသည်က စုကျီအန်းနှင့် ကျန်လေးယောက်မှာလည်း ဟန်ချင်းရုဘက် လျှောက်လှမ်းလာကြခြင်း ဖြစ်၏။
စုကျီအန်းသည် သူ့ကိုယ်သူ ကာကွယ်ဖို့ အကုန်လုပ်နိုင်သူ ဖြစ်မှန်း သိ၏။ ပိုင်ယဲ့က တစ်ဦးတည်းသော သူ ဖြစ်နေသော်လည်း အားအကောင်းဆုံးသူ ဖြစ်နေသေးသည်။
စုကျီအန်းနှင့် အဖွဲ့က မြန်မြန် လျောက်လှမ်းလာ၏။ ချာလွေ့က ခဏတာ တွေဝေနေသော်လည်း မြန်မြန် ရောက်ရှိလာသည်။ ချာလွေ့၏ ရွေးချယ်မှုနောက်ကို လိုက်ပြီး ကျင့်ကြံသူ နှစ်ဦးလည်း ပါလာကြသည်။ ချာလွေ့နှင့် ပါလာသော နောက်ထပ် သုံးယောက်မှာမူ ပိုင်ယဲ့ကို အထင်ကြီးကြပြီး ဝင်မပါရန်  ရွေးချယ်ခဲ့ကြ၏။
ဝေကျီတောက်မှာ ခန္ဓာကိုယ်ပင် မလှုပ်ရှားနိုင်တော့မှန်း သိသာလှသည်။
ပိုင်ယဲ့က  အနည်းငယ် တုန်လှုပ်မိသွားသည်။ အကြောင်းမှာ ဤနေရာရှိ လူအများစုမှာ သူ့ဇာစ်မြစ်နှင့် မည်မျှအားကောင်းကြောင်း သိကြပေသည်။ ပြောရမည်ဆိုလျှင် တိုက်ခိုက်ကြပါက သူ့အနေနှင့် ၉၀ ရာခိုင်နှုန်းလောက်အထိ အနိုင်ရနိုင်ခြေ ရှိပေ၏။
သူက နျဲ့ချုံးအန်းကို သတ်နိုင်သရွေ့ တိုက်ပွဲမှာ သူ့ဘက် အရေးသာလာမည် ဖြစ်ကြောင်းလည်း သိထားသည်။ အင်မော်တယ် ဧကရာဇ်အဆင့်ထက် နိမ့်ကျသော  ကျင့်ကြံသူတို့မှာ သူ့အတွက် ပါးမွှားမျှသာ ဖြစ်၏။
တစ်ခုခုတော့ မှားယွင်းနေလေပြီ….
ဤနေရာကို တာဝန်ယူထားသူမှာ နျဲ့ချုံးအန်း မဟုတ်ဘဲ  ကျင်းရှန်းအဆင့် မိန်းကလေး ဖြစ်နေသည်။ ပိုင်ယဲ့က ဟန်ချင်းရုအား  သံသယဖြင့် ကြည့်လိုက်သည်။ သူ့သေမင်းနှုတ်ခမ်းဝ ရောက်နေလျှင်ပင် ဟန်ချင်းရုသည် ခေါင်းဆောင် ဖြစ်ကြောင်း လုံးဝ မယုံပေ။
“မင်းက ဘယ်သူလဲ …” ပိုင်ယဲ့က  အတည်ပြုနိုင်ရန် ချက်ချင်း မလှုပ်ရှားသေးပေ။ သူတို့က ဓားအကျဉ်းထောင်ထဲ ရောက်နေသည် ဖြစ်၍ အကူများ ရှိမည် မဟုတ်ပေ။
“ ခင်ဗျားနဲ ဘာဆိုင်လဲ ….” ပိုင်ယဲ့က ဘယ်သူမှ ပေါ်မလာကြောင်း အတည်ပြုနေစဉ် တစ်ယောက်ယောက်က သူ့နောက်မှ ရောက်ရှိလာပြီး သူ့မေးခွန်းအား တုံ့ပြန်လိုက်၏။
ပိုင်ယဲ့က လှည့်ကြည့်လိုက်သောအခါ လူနှစ်ယောက် သူ့ဆီ လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။
ရှေ့မှ လျှောက်လှမ်းလာသူမှာ သာမာန်ဖြစ်လွန်းနေသည့် လူငယ်လေး တစ်ယောက် ဖြစ်သော်လည်း သူ့ဆံပင်နက်နက်နှင့် တောက်ပကာ အသက်ဝင်နေသော မျက်ဝန်းတို့မှာ အင်မတန် ဆွဲဆောင်မှု ရှိပြီး သူ့ခန္ဓာကိုယ် ပုံပန်းသွင်ပြင်မှာ ပြီးပြည့်စုံသော ပုံသဏ္ဍာန် ဖြစ်ပေသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုလူငယ်လေးမှာ ရုပ်ခန္ဓာ လေ့ကျင့်သူ တစ်ဦး ဖြစ်ပြီး တော်တော် အဆင့်ရောက်နေသည့် လူတစ်ယောက် ဖြစ်ကြောင်း ပြောနိုင်၏။
သို့သော်လည်း နောက်မှ လျှောက်လာသူမှာ ပို၍ သာမာန် ဖြစ်နေသေး၏။ သာမာန်အရပ်အမြင့် ရှိပြီး လက်ချောင်းကိုးချောင်းသာ ရှိပေသည်။ သူက  ရှေ့လူသည် အင်မော်တယ်ဘုရင်အဆင့်နားတွင်သာ ရှိသေးကြောင်း သတိပြုမိလိုက်သော်လည်း လက်ချောင်းကိုးချောင်းနှင့် ပိန်ပါးပါး အမျိုးသားမှာ အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ဖြစ်နေသည်။
ပိုင်ယဲ့၏ မျက်နှာအမူအယာမှာ ပြောင်းလဲသွားလေ၏။ သူက အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် နှစ်ယောက်လောက်ကို မကြောက်သော်လည်း  တိုက်ပွဲ၏ အခြေအနေမှာ သူ့ထိန်းချုပ်မှုအလွန် ဖြစ်နေလောက်မည်။ ကျန့်မင်ချန်းက ဘေးကင်းနွယ်တောင်ထဲ နောက်ဆုံးမှ ရောက်လာသူ ဖြစ်သောကြောင့် ပိုင်ယဲ့က သူ့ကို မသိသည်မှာ ပုံမှန် ဖြစ်ပေ၏။
ပြန်ရောက်ရှိလာသည့် လူနှစ်ယောက်မှာ မိုဝူကျိနှင့် ကျန့်မင်ချန်းတို့ ဖြစ်ကြသည်။ မိုဝူကျိက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၄ သို့ ရောက်ရှိနေပြီး အပြန်လမ်း၌ ကျန့်မင်ချန်းနှင့် တွေ့ဆုံခဲ့သောကြောင့် အတူတူ ပြန်လာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။ သူတို့ အဝင်ဝသို့ ရောက်လာသည့်အခါ  သူ့ပိုင်နက်ကို အပိုင်သိမ်းလိုနေသည့် ပိုင်ယဲ့နှင့် တွေ့လိုက်ရသည်။
“ ကျုပ်က အင်မော်တယ် ဧကရာဇ် ပိုင်ယဲ့ပဲ …” ပိုင်ယဲ့၏ အသံမှာ အနည်းငယ် ပျော့ပျောင်းသွား၏။ သူက  တစ်ချိန်တည်းဖြင့် အင်မော်တယ် ဧကရာဇ် နှစ်ယောက်လုံးကို ရှင်းပစ်နိုင်လားဟု တွက်ချက်နေခြင်းသာ ဖြစ်ပေသည်။

လူသားသစ္စာ (701-900)Where stories live. Discover now