အခန်း (၈၈၅) : မင်းလည်း နောက်ဆုံးမှာ သေရမယ်
ရှီနန်မော့က ထရပ်လိုက်ပြီး အစိမ်းရောင် အမှတ်အသားပြားကို သူမ ရှေ့ရှိ စားပွဲပေါ်သို့ ဗန်းခနဲ ရိုက်ချလိုက်ကာ “ ဒါက ကျမ အဖေ ချန်ထားခဲ့တဲ့ လျှပ်စီးဓားအိမ်တော်သခင်ရဲ့ အမှတ်အသားပြားပဲ …. ဒီအမှတ်အသားပြားနဲ့တောင် ဒီနေရာကို ထိုင်ခွင့် မပြုဘူးလား ”
မုတ်ဆိတ်မွေးမရှိသည့် အကြီးအကဲ ပြန်ပြောနေသည်ကို မစောင့်ဘဲ လူလတ်အရွယ်နှင့် တူသော အမျိုးသားတစ်ဦးက ထကာ “ နန်မော့ … ဒီထိုင်ခုံက မင်းအပိုင်ဆိုတော့ မင်းထိုင်လို့ ဘာမှမဖြစ်ပါဘူး ”
ရှီနန်မော့က ထိုစကားကို ကြားသောအခါ သူမက နီမြန်းနေသော မျက်ဝန်းများဖြင့် ထိုလူလတ်အရွယ် အမျိုးသားအာ ဦးညွှတ်လိုက်ပြီးနောက် ပြန်ထိုင်လိုက်သည်။
မုတ်ဆိတ်မရှိသည့် အကြီးအကဲက ထိုလူလတ်အရွယ် အမျိုးသား၏ စကားကို ကြားလိုက်ပြီးနောက် ဆက်လက် မငြင်းဆန်တော့ပေ။
မိုဝူကျိလည်း သက်ပြင်းသာ ချလိုက်တော့သည်။ ရှီနန်မော့အတွက် မည်မျှ ခက်ခဲလိုက်မည်နည်း။ နောက်ဆုံးတွင် သူမအတွက် ကူပြောပေးမည့် လူတစ်ဦး ရှိလာလေပြီ။ ထို့အပြင် ထိုအကြီးအကဲက ရှီပါ့ရန်ထက် အားနည်းမည့်ပုံ မပေါ်ပေ။
ရှီပါ့ရန်က ထရပ်လိုက်ပြီးနောက် အသံကြည်ကြည်လင်လင်ဖြင့် ပြောလိုက်သည် “ လွန်ခဲ့တဲ့ လပိုင်းလေးတုန်းက မမလေး နန်မော့က လျှပ်စီးဓားအိမ်တော်ကနေ ထွက်သွားခဲ့တယ်။ အိမ်တော်မှာ တာဝန်ယူပေးမဲ့ အိမ်တော်သခင် မရှိခဲ့ဘူး။ အဲဒါကြောင့် ကျုပ်တို့က ရှီစွေ့ကို ယာယီအိမ်တော်သခင် ဖြစ်လာဖို့ ရွေးချယ်ခဲ့ကြတာပါ ”
ရှီနန်မော့အတွက် ဝင်ပြောပေးခဲ့သည့် လူလတ်အရွယ် အကြီးအကဲက ဝင်ပြောလိုက်ပြန်သည် “ အကြီးအအကဲ ပါ့ရန် … စုရှီက လျှပ်စီးဓားအိမ်တော်က ဧည့်သည်အချို့လောက်နဲ့ တွေ့ပြီး ဖြေရှင်းဖို့ပဲ ရွေးချယ်ခံရတာပါ။ ယာယီအိမ်တော်သခင် အဖြစ် သတ်မှတ်လို့တောင် မရသေးပါဘူး ”
ရှီပါ့ရန်က ရယ်မောကာ “ သူကို ယာယီအိမ်တော်သခင် အဖြစ် ယူဆလို့ရတာ၊ မရတာက အရေးမကြီးတော့ပါဘူး။ အခု မမလေး ပြန်ရောက်လာပြီဆိုတော့ အိမ်တော်သခင် အသစ်ကို ရွေးချယ်ကြတာပေါ့။ အရင် အိမ်တော်သခင်ဟောင်း လျှပ်စီးဓားအိမ်တော်ကနေ ထွက်သွားတုန်းက သူ့နေရာကို အမွေဆက်ခံမဲ့သူကို မရွေးချယ်ခဲ့ဘူး။ ကျုပ်တို့အတွက် ကံကောင်းတာက အိမ်တော်သခင်ဟောင်း ပြန်ရောက်မလာပေမဲ့ သူက သူ့သွေးမျိုးဆက် နှစ်ယောက် ဖြစ်တဲ့ နန်မော့နဲ့ ရှီစွေ့ကို ချန်ထားပေးခဲ့တယ် … ”