အခန်း (၈၄၈) : ပုံမှန်မဟုတ်သည့် ငလျှင်
ထို့နောက် မိုချင်းချယ်က အနည်းငယ် မူးဝေလာမိသည်။ နောက်အခိုက်အတန့်လေး၌ သူမက သူမအဖွားအုတ်ဂူရှေ့မှောက် ရောက်နေကြောင်း တွေ့လိုက်ရ၏။
သူမအဖွား၏ အုတ်ဂူကျောက်တိုင်မှာ သူမကိုယ်တိုင် စိုက်ပေးထားခြင်း ဖြစ်သော်လည်း သူမက လုပ်ရိုးလုပ်စဉ်များ မသိသည့်အတွက် သူမကိုယ်ပိုင်ပေါ် အခြေခံ၍ စာနှစ်ကြောင်းသာ ရေးသွင်းထားခြင်း ဖြစ်၏။
“ ဖိုးဖိုး ဘယ်လိုလုပ်ပြီးတော့ ….” မိုချင်းချယ်က စကားတစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်လိုက်သည်။ သူမ အဖိုးမှာ သူမကို အဆောက်အဦးထိပ်မှ အောက်သို့ ခဏလေးအတွင်း ခေါ်လာနိုင်သည့်အတွက် အဖွားအုတ်ဂူရှေ့ ရောက်နေသည့်ကိစ္စမှာ ဘာမှမထူးဆန်းတော့ပေ။
မိုဝူကျိ မျက်ဝန်း၌ ဝမ်းနည်းသည့် အရိပ်အယောင်မှာ သိသာနေသောကြောင့် သူမက ဆက်မမေးရဲတော့ပေ။ ထိုစဉ် သူမက သူမအဖိုးဖြစ်သူသည် အင်မော်တယ် တစ်ယောက်မဟုတ်ဘဲ သာမာန်လူသားတစ်ယောက်ကဲ့သို့ ခံစားလိုက်မိသည်။
ယခင်က သူမ အဖိုးဖြစ်သူသည် နှလုံးသားမဲ့ကာ သူ့အပေါ် နက်နက်ရှိုင်းရှိုင်း ချစ်နေသည့် အဖွားအား ထားပစ်ခဲ့သည်ဟု တွေးထင်မိခဲ့သည်။ မိုဝူကျိက အခြေအနေကို ရှင်းပြပြီးသည့်နောက်တွင် သူမ အဖိုးက ပုံရိပ်ယောင်တစ်ခုကဲ့သို့ အလှမ်းကွာနေကြောင်း သိလိုက်ရတော့သည်။ သို့သော် ယခုအခါ သူမအဖိုးမှာ တကယ်ဖြစ်ကြောင်း ခံစားမိလာပြီး ပို၍ သနားစရာအကောင်းဆုံး ကိစ္စရပ်မှာ သူမ အဖွားဖြစ်သူက ဇာတ်ကြောင်း တစိတပိုင်းကို သိပြီး ရှားရိုယင်က ဇာတ်ကြောင်း တပိုင်းကို သိထားစဉ် အဖိုးကား ဘာဆိုဘာမှ မသိခဲ့ချေ။
အဖွားအနေနှင့် အဖိုးကို လိမ်ညာပြောလိုက်ခြင်းမှာလည်း မှန်ကန်ကြောင်း ခံစားမိ၏။ ရှားရိုယင်သည်လည်း အဖိုးကို သူမနည်းလမ်းနဲ့ သူမ လိမ်ညာခဲ့ပေသည်။
အဖွားအုတ်ဂူအပေါ်၌ မြက်ပင်နှင့် ပေါင်းပင်များ ပေါက်ရောက်နေသည်ကို မြင်ပြီး မိုချင်းချယ်က အနည်းငယ် အပြစ်ရှိစိတ် ခံစားမိသွားသည်။ သူမ၏ အလုပ်ကြောင့် အဖွားကို ချင်းမင်အခါရက်မှသာ လာရောက်တွေ့နိုင်သည်။