အခန်း ( ၇၇၉) : စကြဝဠာအစွန်း
“ အင်မော်တယ်ရောင်းရင်း ကျေးဇူးပြုပြီး ရပ်ပါဦး။ ဒါက ကောင်းကင်ဘုံအလွန်ရဲ့ လူသားပိုင်နက်ပါ။ ပျံသန်းခွင့် မရှိပါဘူး ” မိုဝူကျိက လူသားပိုင်နက် ကာကွယ်ရေး အစီအရင်ဆီ ရောက်လာသည့်အခါ အင်မော်တယ် အုပ်စိုးသူ တစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။
မိုဝူကျိက တိုက်ပွဲ စတင်ရန် ရောက်လာခြင်း မဟုတ်သည့်အတွက် လခြမ်းကွေး ပုဆိန်လှံရှည်ကို သိမ်းဆည်းထားလိုက်၏။
တစ်ဖက်တွင် ဤအင်မော်တယ် အုပ်စိုးသူ၏ စိတ်နှလုံးသားမှာ အတော်လေး တုန်လှုပ်နေမိ၏။ သူက အရမ်းယဉ်ကျေးနေသည့် အကြောင်းအရင်းမှာ မိုဝူကျိက ပျံသန်းလာ၍ ဖြစ်သည်။ အလွန်အမင်း အားကောင်းသော ပျံသန်းရေး ရတနာများမှလွဲ၍ ကောင်းကင်ဘုံနယ်နမိတ်အလွန်၌ ပျံသန်းဖို့ရာ မဖြစ်နိုင်လောက်ချေ။ သို့သော်လည်း ဤလူက ကျင့်ကြံဆင့် မြင့်မြင့် ရှိဟန် မပေါ်သော်လည်း အမှန်တကယ် ပျံသန်းလာလေသည်။
ဤနေရာမှာ လူသားပိုင်နက်နှင့် နီးနေသော်လည်း ရိုးရှင်းသည့် ကိစ္စတော့ မဟုတ်ချေ။
“ ကောင်းကင်ဘုံအလွန်ရဲ့ လူသားပိုင်နက်ထဲက အစီအရင်ကို ဌားပြီးတော့ ကောင်းကင်ဘုံအလွန် စကြဝဠာဆီ သွားချင်လို့ပါ။ မိတ်ဆွေ ကျုပ် ဘယ်လိုသွားနိုင်လဲ မေးပါရစေ ” မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ မေးလိုက်သည်။
သူ့ရှေ့မှောက်၌ လူသားပိုင်နက်၏ ကာကွယ်ရေး အစီအရင် ရှိနေသည်။ မိုဝူကျိ ရောက်ရှိလာသည့်အခါ မည်သည့် အချက်ပေးသံမှ မရှိကြောင်း သတိထားမိလိုက်သောကြောင့် လူသားမျိုးနွယ်ကို သတ်မိသည့် အန္တရာယ်များသော အချိန်ကာလမှာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ လက်တွေ့၌ မိုဝူကျိက အချက်ပေးသံများ မြည်လာလျှင်ပင် မစိုးရိမ်ပေ။ သူ့လက်ရှိစွမ်းရည်မှာ မဟာဧကရာဇ်များကိုပင် သတ်နိုင်စွမ်း ရှိနေပြီ ဖြစ်ရာ ဘာကြောင့်များ အသေးအမွှားလေးကို လိုက်ဂရုစိုက်နေရမည်နည်း။
မိုဝူကျိက ကောင်းကင်ဘုံနယ်နမိတ်အလွန်အတွင်း အင်မော်တယ် ဧကရာဇ်အနည်းငယ်မျှသာ ရှိကြောင်း သိထားသည်။