အခန်း (744)

830 141 5
                                    

အခန်း (၇၄၄)  :   သတ္တမြေအောက်နန်းတော်၏  သည်းခံခြင်း ဝိညာဉ်ဘုရင်

“ ဘုန်း ” မိုဝူကျိ၏ အဆုံးမဲ့ လေဟုန်ဆန်မြစ်က တောင်ထိပ်ဖျားမှ စီးဆင်းလာသည့်အလား လေဟုန်ဆန်မြစ်မှာ ဗလာနတ္ထိအဖြစ် ခဏတာ ပျောက်ကွယ်သွားလေ၏။ ထိုအဆုံးမဲ့ ပုဆိန်လှံရှည်အလင်းတန်းများက ပေါက်ကွဲထွက်သွားသည့်အခါ ထိုတောင်ကြီးက လုံးဝ အထိအခိုက်မရှိ ပေါ်လာသည်။
ပြင်းထန်လှသော အင်မော်တယ်စွမ်းအားများ ထွက်ပေါ်လာကာ မိုဝူကျိပင် သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ ထို့နောက် သူက ချီသွေးကြောများမှာ ပျက်စီးလာပြီး သူ့အသက်ဓာတ် လမ်းကြောင်းပင် အနက်ရောင်ဝဲကတော့နှင့် တွေ့သည့်အခါ သူ့အသက်ဓာတ်များ ဆွဲယူခံလိုက်ရဟန် ရှိ၏။
လှုပ်ရှားမှု တစ်ခုမျှသာ ဖြစ်သော်လည်း ထိုလှုပ်ရှားမှု မပြီးစီးခင် မိုဝူကျိက ကူကယ်ရာမဲ့ ခံစားလိုက်ရသည်။
မိုဝူကျိက သူ့ပြိုင်ဖက်၏ ကျင့်ကြံဆင့်ကို မသိသောကြောင့် အနည်းငယ် တုန်လှုပ်လာမိသည်။ တစ်ဖက်လူက အရမ်းအားကောင်းသောကြောင့် သူ့လေဟုန်ဆန်မြစ် ကျဆင်းလာသည်က ကြက်ဥကို ကျောက်ဆောင်ဆီ သွားပေါက်သကဲ့သို့ ဖြစ်နေသည်။
နောက်ဆုတ် ….
အကယ်၍ သူသာ နောက်မြန်မြန် မဆုတ်ပါက သူ့အနေနှင့် အသက်လေးပင် ကာကွယ်နိုင်တော့မည် မဟုတ်ပေ။ ထိုစွမ်းအားလှိုင်းကြီးက သူ့ဆီ ရောက်ရှိလာပေလိမ့်မည်။ သို့သော်လည်း နောက်အခိုက်အတန့်လေး၌ မိုဝူကျိက အတွေးလွန်နေကြောင်း သိလိုက်မိသည်။ ထိုအသားမည်းမည်း အမျိုးသားက ပြန်လည် မတိုက်ခိုက်သေးသော်လည်း မိုဝူကျိက လုံးဝကို နောက်မဆုတ်နိုင်တော့ချေ။
ကြောက်မက်ဖွယ် စွမ်းအားစက်ကွင်းက သူ့အား ရစ်ပတ်ထားပြီး သေဖို့ရာသာ စောင့်နေနိုင်လေ၏။ ထိုသို့ ကူကယ်ရာမဲ့သည့် ခံစားချက်မျိုးမှာ မိုဝူကျိအနေနှင့်  ရှားရှားပါးပါး ခံစားဖူးခြင်း ဖြစ်ပေသည်။
ယခင် သူက အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းသွားပြီးပါက သူ့အနေနှင့်အားနည်းသော အင်မော်တယ် အုပ်စိုးသူအဆင့်ကိုပင် ယှဉ်နိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။ ယနေ့ကဲ့သို့ တကယ့်အဆင့်မြင့် ပညာရှင်နှင့် တွေ့လိုက်ရသည့်အခါ မိုဝူကျိက အမှန်တကယ် အားနည်းနေသေးကြောင်း သတိပြုမိသွားလေ၏။
“ ဘုန်း ” နောက်ထပ် ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်ကို ခံစားမိလိုက်ပြီး မိုဝူကျိ၏ တစ်ကိုယ်လုံးမှာ စိတ်အေးသွားတော့သည်။ ထိုစဉ် သူက တာ့နဉ်၏ ကျိုင်းက အသားမည်းမည်း အမျိုးသား၏ စွမ်းအားစက်ကွင်းကို ချိုးဖောက်ဝင်ရောက်လာကြောင်း သတိပြုမိလိုက်သည်။
“ ဆရာတော်ကို ကျေးဇူးတင်ပါတယ် ” မိုဝူကျိက တစ်ဖက်လူ၏ စွမ်းအားစက်ကွင်း နယ်ပယ်မှ မြန်မြန် နောက်ဆုတ်လိုက်သည်။ ယခု ထိုအသားမည်းမည်း အမျိုးသားမှာ ကြောက်မက်ဖွယ် အားကောင်းသော မဟာဧကရာဇ် ဖြစ်ကြောင်း သေချာသွားလေ၏။
“ မိုဝူကျိ …. မြန်မြန်  ကိုယ်တော် တစ်ယောက်တည်း ထိန်းမထားနိုင်တော့ဘူး။ ဒီလူက ဘယ်အခေါင်းကနေ ထလာတာလဲ။ ဘာလို့တောင် ဒီလောက် အားကောင်းနေရတာလဲ ” တာ့နဉ်၏ ကျိုင်းက မုန်တိုင်းလို ဝှေ့ယမ်းကာ  သူ့ပတ်လည် ဆယ်မီတာအတွင်း ထိန်းချုပ်နိုင်စွမ်း ရှိနေဟန် ပေါ်နေသည်။ ထိုသို့ဆိုလျှင်ပင် သူက ထိုအသားမည်းမည်းလူကို တစ်ယောက်တည်း အနိုင်မတိုက်နိုင်ကြောင်း မိုဝူကျိအား လှမ်းပြောနေသေး၏။
မိုဝူကျိက ဘုန်းကြီးတာ့နဉ်အား ပြန်ပြောရန် အချိန်မရှိပေ။ သူက ဝဲကတော့ စွမ်းအားစက်ကွင်းကို တာ့နဉ်၏ စွမ်းအားစက်ကွင်းနှင့် နေရာယူလိုက်သည်။ တခြားသော ကျင့်ကြံသူများ၏ စွမ်းအားစက်ကွင်းနှင့် နှိုင်းယှဉ်ကြည့်လျှင် မိုဝူကျိ၏ စွမ်းအားစက်ကွင်းမှာ တခြားလူများထက် သာပေ၏။
အသားမည်းမည်း အမျိုးသား၏ စွမ်းအားစက်ကွင်းမှာ တာ့နဉ်၏ စွမ်းအားစက်ကွင်းကို ထိုးဖောက်နိုင်စွမ်း ရှိသော်လည်း မိုဝူကျိက သူ့စွမ်းအားစက်ကွင်းကို ထည့်ပေါင်းလိုက်သည့်အခါ  အသားမည်းမည်း အမျိုးသား၏ စွမ်းအားစက်ကွင်းက ချက်ချင်းဆိုသလို ထိန်းချုပ်ခံလိုက်ရသည်။
“ ဒကာလေးရဲ့ စွမ်းအားစက်ကွင်းကလည်း အံ့ဖွယ်ပါပဲလား။ ဒီအသားမည်းကြီးကို ရှင်းပစ်ပြီးရင် သင်ပေးဖို့ မမေ့နဲ့ဦးနော် ” တာ့နဉ်က တစ်ဖက်လူကို အားကုန်သုံး၍ တိုက်ခိုက်နေသော်လည်း မိုဝူကျိအား သင်ပေးခိုင်းဖို့ ပြောဖို့ရာ မမေ့ပေ။
မိုဝူကျိက ဘုန်းကြီးတာ့နဉ်၏ လျှောက်ပြောနေသည့်အရာများအား စိတ်ထဲ ထားဖို့ရာ အချိန်မရှိပေ။ တစ်ဖက်လူမှာ အရမ်းအားကောင်းကြောင်း သိထား၏။ မိုဝူကျိ ကိုယ်တိုင်က အားကောင်းသည် ဆိုလျှင်ပင် သူက ထိုလူနှင့် ယှဉ်လျှင် အနည်းငယ် လိုအပ်နေသေး၏။
သူက အစီအရင်အလံများစွာကို ထုတ်ကာ ဆက်တိုက်ဆိုသလို သူတို့ပတ်ဝန်းကျင်၌ သေမင်းထောင်ချောက် အစီအရင်အား ခင်းကျင်းလိုက်သည်။ မိုဝူကျိက သူသာ  ဤအသားမည်းအား မသတ်နိုင်ခဲ့လျှင် နောင်အနာဂတ်၌ အဆုံးမသတ်နိုင်သည့် ပြဿနာများ ဖြစ်လာစေမည်မှန်း ခံစားချက် ရနေသည်။ သူ့ကျင့်ကြံဆင့်မှာ လုံလုံလောက်လောက် အားမကောင်းသေးသော်လည်း သူ့ဆေးလုံးတာအိုနှင့် အစီအရင်တို့မှာ အားကောင်းပေ၏။ သူက တိုက်ပွဲ၌ ဆေးလုံးတာအို ကျွမ်းကျင်မှုကို မပြသနိုင်သော်လည်း အစီအရင်တာအိုကို လက်တွေ့ချ၍ ရသည်။
“ မင်းက ဘယ်သူလဲ။ မင်းက အင်မော်တယ်ဘုရင်အဆင့်လေးနဲ့ ငါ့ယင်စွမ်းအားစက်ကွင်းအောက်မှာ ဒဏ်ရာမရဘဲ နေနိုင်တယ်တဲ့လား ” အသားမည်းဆီမှ ကြောက်မက်ဖွယ် အသံကြီး ထွက်လာလေ၏။ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ အင်မတန် နိမ့်ကျနေသော်လည်း ထိုအသားမည်းက တာ့နဉ်ကို အာရုံမစိုက်ဘဲ မိုဝူကျိကိုသာ စိုက်ကြည့်နေလေ၏။
သူ့တွင် မျက်ဝန်းတစ်စုံသာ ရှိနေပြီး သေစေလောက်သည့် ဖြူဖျော့ဖျော့ အလင်းတန်း ထွက်ပေါ်နေဟန် ပေါ်သည်။
မိုဝူကျိက စိတ်ထဲ၌ သရောက်လိုက်သည်။ သူက ကျင့်ကြံဆင့် နိမ့်ကျသော်လည်း နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၆ ကျင့်ကြံသူ ဖြစ်၏။ အကယ်၍ သူ့ခန္ဓာကိုယ်က စွမ်းအားစက်ကွင်းလေး တစ်ခုကြောင့် ထိခိုက်ဒဏ်ရာရသွားသည်ဆိုလျှင် သူက အမှိုက် ဖြစ်မသွားပေဘူးလား။
ထိုစဉ် မိုဝူကျိ ကယ်တင်ပေးလိုက်သော  ဒဏ်ရာအပြင်းအထန် ရနေသည့် လူက အသိပြန်ဝင်လာလေ၏။ သူက အသက်ပြင်းပြင်းရှုကာ တိုက်ပွဲအား ဝင်မပါခင် အော်ပြောလိုက်၏ 
“ ညီလေးမို …. ကျုပ်ကို နောက်တစ်ကြိမ် ကယ်ခဲ့ရပြန်ပြီ ”
လက်ရှိ၌ မိုဝူကျိ၏ သေမင်းထောင်ချောက် အစီအရင်မှာ ပုံသဏ္ဍာန် ပေါ်လာပြီ ဖြစ်သော်ငြား တန်း၍ အသက်သွင်းမည့်အစား သူက သေမင်းထောင်ချောက် အစီအရင်အပြင်ဘက်၌ အစီအရင် သင်္ကေတတချို့ ရေးဆွဲလိုက်သည်။ သူက လူတော်တော်များများ သတိမပြုမိကြသည့် ညှစ်သတ်ရေး အစီအရင်ကို ရေးဆွဲလိုခြင်း ဖြစ်၏။
“ ဟားဟား … စီနီယာက အားနာလွန်းနေပါပြီ။ အရင် ကျိုးပျက်ကမ္ဘာ တတိယအလွှာမှာတုန်းက စီနီယာရဲ့ လမ်းညွှန်မှုနဲ့ ကာကွယ်မှုကြောင့်သာ မဟုတ်ရင် ကျုပ်တော့ ရွှေရောင်အိမ်ထဲ ရောက်ရင်ရောက် ဒါမှမဟုတ်ရင် အန္တရာယ်များတဲ့ မြူထဲ ရောက်နေတော့မှာ။ ဒီနေ့ ကျုပ်လည်း ဒီရောက်နေတာဆိုတော့ ဝင်ကူတာက ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်က စီနီယာကို ဘယ်လိုခေါ်ရမလဲဆိုတာ မသိသေးဘူး ” မိုဝူကျိက ရယ်ရယ်မောမော ပြောနေလိုက်၏။
ထိုမှိန်ဖျော့ဖျော့ အမျိုးသားက ကျိုးပျက်ကမ္ဘာ တတိယအလွှာအတွင်း မိုဝူကျိ  တွေ့ရှိခဲ့သော ရုပ်တု ဖြစ်၏။ မိုဝူကျိက ရုပ်တုကို ပြန်လည် ထောင်မတ်ကာ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ကို ရှာပေးခဲ့သေး၏။
သူက ရွှေရောင်အိမ်ကြီးအတွင်း ရောက်စဉ် အသံတစ်သံက သူ့အား သတိပေးကာ ကယ်တင်ပေးခဲ့သည်။ ထိုစဉ် မိုဝူကျိက သူကူညီပေးခဲ့ဖူးသော ရုပ်တုက ပြန်လည် ကူညီပေးတာလားဟု တွေးခဲ့မိသေးသည်။
ယနေ့ ရင်းနှီးသောအသံကို ပြန်ကြားလိုက်ပြီး အပြည့်အဝ ပြန်မကောင်းသေးသော ခန္ဓာကိုယ်ကို တွေ့လိုက်သည့်အခါမှ မရေရာမှုများ သေချာသွားခဲ့သည်။
“ ညီလေးမို …. ကျုပ်ကို စီနီယာလို့ မခေါ်ပါနဲ့။ ကျုပ်နာမည်က ဂူယုံရှောင်ပါ။ ကျုပ်တို့တွေ ပြီးတော့မှ ဆက်ပြောကြတာပေါ့။ ကျုပ်တို့ရှေ့က လူက နောက်ခံထူးထူးခြားခြားရှိတယ်။ တကယ်လို့ ကျုပ်တို့တွေ သူ့ကို ဒီနေ့အပြီးမသတ်ရင် ကျုပ်တို့တွေ ကပ်ဘေးကို ဖိတ်ခေါ်သလို ဖြစ်သွားလိမ့်မယ် ” ဂူယုံရှောင်က စုတ်တံနှစ်ချောင်း ဆွဲထုတ်ကာ ထိုအသားမည်းမည်း လူဆီ ကြမ်းတမ်းစွာ ချီတက်သွားလေ၏။
“ ဒီဝိညာဉ်နက်က ဘယ်လိုလုပ် အားကောင်းနေတာတုန်း။ ဒီလူက ဘယ်သူကြီးလဲ။ ဆရာတော်တို့ သူ့ကို အပြတ်မရှင်းရင် ဘာကပ်ဘေး ရောက်လာမှာလဲ ” ဘုန်းကြီးတာ့နဉ်က ဂူယုံရှောင်အား ဆက်မေးနေရင်း ထိုဝိညာဉ်နက်နှင့် တိုက်ခိုက်နေလိုက်သည်။
ဂူယုံရှောင်ကလည်း ပြန်ဖြေပေးလိုက်သည်  “ ဟုတ်တယ် …. အဲဒီလူက တကယ့်ကို ဝိညာဉ်နက်ပဲ။ သူ့နာမည်က ယွမ်ကျယ် … သတ္တမြေအောက်နန်းတော်ရဲ့ သည်းခံခြင်း ဝိညာဉ်ဘုရင်ပဲ … ”
“ဘာ ….  သတ္တ မြေအောက် နန်းတော်ရဲ့ ဘုရင်ခုနှစ်ပါးထဲက အဲဒီ သည်းခံခြင်း ဝိညာဉ်နက်လား ” ဘုန်းကြီးတာ့နဉ်က ထိုအကြောင်းကို ကြားဖူးသည့်အခါ သူ့တိုက်ခိုက်မှုများက အသက်လု တိုက်ခိုက်နေရသည့်အလား ပြင်းထန်လာလေ၏။
မိုဝူကျိက သတ္တ မြေအောက်နန်းတော်အကြောင်း မသိသော်လည်း ယွမ်ကျယ်ကို လွတ်မပေးလိုက်သင့်ကြောင်း ခံစားမိနေသည်။ သူက ယွမ်ကျယ် ခန္ဓာကိုယ်မှ ထွက်နေသော ယင်စွမ်းအားများကို ခံစားမိပေသည်။ ထို့ကြောင့် သူ့သေမင်းထောင်ချောက် အစီအရင်၌ လျှပ်စီးအားများပါ ထည့်ပေါင်းပေးလိုက်သည်။
“ ကျယ်ကျယ် …” ယွမ်ကျယ်က သူ့စွမ်းအားများ ထွက်မပေါ်လာခင် ထိုစကားလုံး ရေရွတ်လိုက်လေ၏  “ ငါ့လို သည်းခံခြင်း ဝိညာဉ်ဘုရင်ကို သတ်နိုင်လိမ့်မယ်လို့ ထင်မနေစမ်းနဲ့ ”
ထိုလူက ထွက်သွားလိုသော်လည်း ယွမ်ကျယ်၏ စွမ်းအားများက အဆမတန် တိုးပွားလာသည်နှင့် မိုဝူကျိက သူ့အာရုံကို ခံစားမိလိုက်၏။
မိုဝူကျိက တုံ့ဆိုင်းမနေတော့ဘဲ သေမင်းထောင်ချောက် အစီအရင်အား အသက်သွင်းလိုက်ပြီး ညှစ်သတ်ရေး အစီအရင်အား ဆက်တိုက် ပုံဖော်နေလေ၏။ မြောက်များစွာသော လျှပ်စီးချက်များက ညှစ်သတ်ရေး အစီအရင်နှင့် ပေါင်းစပ်သွားလေသည်။
“ ဘုန်း ” ယွမ်ကျယ်က အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် မိုဝူကျိ၏ သေမင်းထောင်ချောက် အစီအရင်အား ချိုးဖျက်နိုင်လိုက်သော်လည်း ဖုံးလွှမ်းလာသည့် ဓားအလင်းတန်းနှင့် ဓားရှည်အလင်းတန်းက ယွမ်ကျယ်အတွက် ပုရွက်ဆိတ် ကိုက်သလောက်သာ ရှိ၏။
သို့သော်လည်း လျှပ်စီးအား နောက်ဆုံးအချက်မှာ သူ့အား အံ့ဩသွားစေသည်။ ထိုလျှပ်စီးချက်က ယွမ်ကျယ်အား ဒဏ်ရာအကြီးအကျယ် မရစေနိုင်သော်လည်း သူ့အသားမည်းမည်းအပေါ် ဒဏ်ရာချန်ခဲ့နိုင်လေ၏။
ယွမ်ကျယ်က မြန်မြန် ထွက်သွားချင်တော့သည်။ သူ့စွမ်းအားစက်ကွင်းမှာ စွမ်းအားစက်ကွင်း သုံးခုကြောင့် ပျက်စီးလာ၏။
“ ယား ….” ယွမ်ကျယ်က ရပ်တန့်လိုက်သည့် တစ်ပြိုင်နက်ဆိုသလို ဘုန်းကြီးတာ့နဉ်၏ ကျိုင်း ကျရောက်လာသောကြောင့် ယွမ်ကျယ်၏ ခါး၌ သွေးတန်းရာကြီး ဖြစ်သွားသည်။
ဂူယုံရှောင်ကလည်း အခွင့်အရေးကို လက်လွတ်မခံဘဲ စုတ်တံနှစ်ချောင်းဖြင့် ယွမ်ကျယ်၏ နားထင်ဆီ ဝင်ရိုက်တော့သည်။
ယွမ်ကျယ်က နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် သူလက်မှ သံမဏိကြိုးက ဘုန်းကြီးတာ့နဉ် ပခုံးဆီ ကျရောက်လာသည်။ ဘုန်းကြီးတာ့နဉ်ကလည်း ဇွဲကောင်းပေ၏။ သူက နောက်ဆုတ်မည့်အစား သူ့ကျိုင်းဖြင့် မီတာရာချီ ရှည်လျားသော ဂေါ်သဏ္ဍာန် ပြုလုပ်လိုက်သည်။ ထိုဂေါ်အစိတ်အပိုင်းက မိုဝူကျိ၏ စွမ်းအားစက်ကွင်းနှင့် ပေါင်းစပ်သွားကာ  ယွမ်ကျယ် ထွက်ပြေးဖို့ရာ လမ်းကြောင်းအား ပိတ်ဆို့ထားလိုက်၏။
ထိုဂေါ်သဏ္ဍာန်ဆီမှ သံပြိုင်ရွတ်ဆိုသံတချို့ပါ ကြားနေရပြီး မိုဝူကျီဆီ တိုက်ရိုက် ဝင်မလာသော်လည်း မိုဝူကျိက တူကြီးကြီးဖြင့် သူ့ကို ထုနှက်နေသည့်အလား ခံစားလိုက်ရသေးသည်။ သူ့စိတ်ထဲ၌လည်း ထိုဘုန်းကြီးမှာ အတော်လေး အားကောင်းနေသည်ကို တွေ့ရသည့်အတွက် အံ့အားသင့်မိနေသည်။
ဘုန်းကြီးတာ့နဉ်က သူ့သတ်ဖြတ်ကွက်ကို ယွမ်ကျယ်နှင့် ယှဉ်ဖို့ရာ ထုတ်သုံးလိုက်သည်မှာ သိသာလှသည်။ ယွမ်ကျယ်၏ ဇာစ်မြစ်အကြောင်း သိပြီးနောက် သူက သတ်ဖြတ်ငွေ့များ ပြင်းထန်လာခြင်း ဖြစ်၏။
ယွမ်ကျယ်၏ သံမဏိကြိုးက သံကြိုးလေးများ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာကာ ထိုဂေါ်သဏ္ဍာန်မှ ထွက်ပေါ်လာသော ဗုဒ္ဓရွတ်ဆိုသံများကို ခုခံထားလေ၏။ ဗုဒ္ဓ ရွတ်ဆိုသံမှာလည်း ခဏတာ တိုးလျော့သွားလေ၏။ ယွမ်ကျယ်၏ ခန္ဓာကိုယ်က ပေါက်ထွက်သွားကာ မှိန်ဖျော့ဖျော့ အရိပ်လေး ထွက်ပေါ်လာ၏။
အကယ်၍ မိုဝူကျိ ခင်းကျင်းထားသော သေမင်းထောင်ချောက် အစီအရင်မှာ အားကောင်းလိမ့်မည်ဟု မသိခဲ့လျှင် သူက ထွက်ပြေးဖို့ရာ အလျှင်လိုမည် မဟုတ်ပေ။ အကယ်၍ သူသာ အမှန်တကယ် ထွက်သွားလိုပါက အချိန်ယူနိုင်ပေ၏။ သို့သော်လည်း သူက  မိုဝူကျိ ခင်းကျင်းထားသော အစီအရင်မှ ထိတ်လန့်စရာကို ကြုံတွေ့လိုက်ရပြီး မိုဝူကျိ၏ လျှပ်စီးချက်နှင့်အတူ ဘုန်းကြီးတာ့နဉ်၊ ဂူယုံရှောင်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ယွမ်ကျယ်၏ အသက်မှာလည်း ဤနေရာ၌ ပိတ်မိသွားလေ၏။
“ဘမ်း ဘမ်း ဘမ်း ” လျှပ်စီးကွန်ယက်က သူ့ဆီ ကျရောက်လာကာ  ပေါက်ကွဲသွားသောကြောင့် ယွမ်ကျယ်၏ အသားတစ်လွှာမှာ ပျောက်ပျက်သွားရသည်။
မိုဝူကျိက၏ ညှစ်သတ်ရေး အစီအရင်မှာ ပြီးစီးသွားပြီ ဖြစ်၍ ယွမ်ကျယ်ခန္ဓာကိုယ်အား ချုပ်ထိန်းထားလိုက်သည်။ မိုဝူကျိက သူတို့ကမ္ဘာဦး စိတ်ဝိညာဉ်ကို ကာကွယ်ရန် အသားကို စတေးကြသည့် ကျင့်ကြံသူများများစားစား မတွေ့ဖူးသည့်အတွက် အံ့ဩမိနသေည်။ အသားတစ်လွှာ ဆုံးရှုံးထားသော ယွမ်ကျယ်လို လူတစ်ယောက်အတွက် ဒုတိယအလွှာ ရှိနေသေးပေ၏။ မိုဝူကျိက ထိုသို့လူမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။
ယနေ့ သူက ဘုန်းကြီးတာ့နဉ်သာ အတူတူ ရှိမနေလျှင် ယွမ်ကျယ်ကဲ့သို့ လူမျိုးနှင့် တွေ့လျှင် ထွက်ပြေးဖို့ရာ ရွေးချယ်နိုင်ပေလိမ့်မည်။
ဘုန်းကြီးတာ့နဉ်နှင့် ဂူယုံရှောင်တို့က တစ်စက္ကန့်လေးပင် မဖြန်းတီးပစ်ဘဲ ယွမ်ကျယ်ဆီ အပြင်းအထန် ချီတက်သွားကြသည်။ ကျိုင်းနှင့် စုတ်တံတို့၏ တိုက်ခိုက်မှုကြောင့် ယွမ်ကျယ်က ကျယ်လောင်တကြီး အော်ဟစ်လိုက်သည်  “ မင်းတို့တွေ ငါ့ကို သတ်ရဲတယ်လား ”
“ ဘုန်း ” သူတို့က သတ်ရဲသည် ဖြစ်စေ၊ မသတ်ရဲသည် ဖြစ်စေ အရေးမပါပေ။ ဘုန်းကြီးတာ့နဉ်နှင့် ဂူယုံရှောင်တို့၏ တိုက်ခိုက်မှုမှာ ရောက်ရှိသွားသောကြောင့် ယွမ်ကျယ်၏ ဒုတိယအသားလွှာလည်း လောင်ကျွမ်းသွားတော့သည်။
ထိုစဉ် ဘုန်းကြီးတာ့နဉ်၏ ကျိုင်းက ယွမ်ကျယ်အား တစစီ လုပ်ပစ်နိုင်လိုက်ကာ  မှိန်ဖျော့ဖျော့ ရွှေရောင်မီးတောက် တစ်ခုက လေထုအတွင်း ငေါက်ခနဲ ထွက်ပေါ်လာသည်။ ထို့နောက် ယွမ်ကျယ်၌  အသက်ဓာတ် မကျန်ရှိတော့ပေ။

လူသားသစ္စာ (701-900)Where stories live. Discover now