အခန်း (၇၀၅) : ကျုပ်က ထွက်လမ်း သိတယ်
“ ဂိုဏ်းချုပ်မို …. ပိုင်ယဲ့က ဘေးကင်းနွယ်တောင်ကို အင်အားစုဖွဲ့ဖို့ အရင်ဆုံးရောက်လာကြတဲ့ ကျုပ်လိုမျိုးပဲ။ ဘေးကင်းနွယ်တောင်မှာ တစ်ခုခု မှားယွင်းနေမှန်း ခံစားမိလို့ ထွက်သွားခဲ့တာ။ အခု ဘေးကင်းနွယ်တောင်ရဲ့ အန္တရာယ်က မရှိတော့ဘူးဆိုတာ အတည်ပြုပြီးတော့ ဒီနေရာက ဘေးအကင်းဆုံးဆိုတာ သိလို့ ပြန်ရောက်လာတာ ….” ဝေကျီတောက်က အားယူကာ မိုဝူကျိအား ရှင်းပြလိုက်သည်။
အကယ်၍ အသက်ရှင်ဖို့ရာ အခွင့်အရေး ရှိနေလျှင် မည်သူက သေချင်မည်နည်း။
ပိုင်ယဲ့က အမှန်တကယ် အားကောင်းပြီး သူ့အား ဓားအကျဉ်းထောင်ထဲတွင် ဆက်လက် ရှင်သန်စေနိုင်သည့် ရုပ်ခန္ဓာကျင့်စဉ်ပါ ရှိနေသေး၏။ သို့သော်လည်း ဝေကျီတောက် အမြင်၌ ပိုင်ယဲ့မှာ မိုဝူကျိ၏ ပြိုင်ဖက်ဖြစ်ဖို့ရာ မထိုက်တန်ပေ။
ယခင် ဖန်းဟုန်၊ ရှန့်ဟဲကောင်းနှင့် သူတို့က အင်မော်တယ် ဧကရာဇ် သုံးယောက်နှင့် တခြားသော အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူများကိုပင် ခေါ်ဆောင်လာကြသော်လည်း သူတို့က ဘေးကင်းနွယ်တောင်ရှိ မိုဝူကျိ၏ နေရာကို မထိရဲကြပေ။ ပိုင်ယဲ့က အစီအရင်တာအိုအကြောင်း အနည်းငယ် သိသောကြောင့် မိုဝူကျိ၏ ပိုင်နက်၌ ဤသို့ ရုတ်ရုတ်သည်းသည်း ဖြစ်စေရဲခြင်း ဖြစ်လိမ့်မည်ဟု သူက တွေးနေမိသည်။
ပိုင်ယဲ့ တိုက်ခိုက်လိုက်သည်နှင့် ဤကန္တာရမှ အသက်ရှင်လျက် ထွက်သွားဖို့ရာ မဖြစ်နိုင်ကြောင်း သေချာနေသည်။ အကယ်၍ မိုဝူကျိက ပိုင်ယဲ့ကိုသာ အပြီးမသတ်နိုင်လျှင် သူ့အနေနှင့် ဘေးကင်းနွယ်တောင်မှ အလွယ်တကူ ထွက်သွားနိုင်သည့် စွမ်းရည်မျိုး သေချာပေါက် ရှိမည် မဟုတ်ပေ။
“ ဘေးကင်းနွယ်တောင်မှာ တစ်ခုခု ဖြစ်သွားတာလား ” မိုဝူကျိက မေးခွန်း ထုတ်လိုက်၏။ ဝေကျီတောက်၏ ခန့်မှန်းချက်အတိုင်း မိုဝူကျိသည် ပိုင်ယဲ့အား စိတ်ပူရမည့် ပြိုင်ဖက်တစ်ယောက်အဖြစ် မမြင်ပေ။ သူ့တွင် အင်မော်တယ် ဧကရာဇ် နှစ်ယောက် ရှိနေသည့် အချက်ကို ထည့်မပြောလျှင်ဘဲ ဓားအကျဉ်းထောင်ထဲ၌ တစ်ယောက်တည်း တစ်ကိုယ်တည်း ဖြစ်နေလျှင်ပင် သူ့အနေနှင့် ပိုင်ယဲ့အား ကြောက်မည် မဟုတ်ပေ။