အခန်း (720)

848 136 1
                                    

အခန်း (၇၂၀)  :  ကျိုးပျက်ကမ္ဘာ၏ လေးလွှာမြောက်မှ မိတ်ဆွေဟောင်း

လိန်ဟုန်ကျီ ထွက်သွားပြီးနောက် မိုဝူကျိလည်း ဆက်မနေနေတော့ဘဲ ထွက်လာလိုက်သည်။ သူက ကံကြမ္မာကြာနီ ရသွားသောသူမှာ ဓားကြီးတောင်၏ မဟာကျီရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်ကြောင်း ကြားထား၏။
နဂိုကတည်းက မိုဝူကျိမှာ  ဓားကြီးတောင်နှင့် ရန်သူ ဖြစ်နေသည်။ ထို့အပြင် ကံကြမ္မာ ကြာနီကဲ့သို့သော ရတနာမျိုးအတွက် ဓားကြီးတောင်မှ တပည့်တစ်ယောက်ကို ထည့်ပြောနေစရာ မလိုပေ။ အကယ်၍ ရရှိသွားသူမှာ အထက်ဘုံမှ တစ်ယောက်ယောက် ဖြစ်နေလျှင်ပင် မိုဝူကျိအနေနှင့် လုယူဖို့ရာ အခွင့်အရေးအား လက်မလျော့နိုင်ပေ။
ကံကြမ္မာကြာနီက မီးဓာတ် သဘာဝ ရတနာဖြစ်သောကြောင့် မိုဝူကျိက သူ့သူ့လက်ကောက်ဝတ်မှ ပညာရှင်နှလုံးသား မီးတောက်ကို ကိုင်ဆောင်လိုက်ရသည်။ ဤပညာရှင်နှလုံးသားမှာ အဆင့် ၇ အင်မော်တယ်မီးတောက် ဖြစ်နေလေရာ မီးဓာတ် သဘာဝရတနာကို အလွန်အာရုံခံနိုင်စွမ်း ကောင်းလေသည်။ ကံကြမ္မာကြာနီ ပေါ်လာသည်နှင့် ဖုံးကွယ်ထားလျှင်ပင် ပညာရှင်နှလုံးသားက အာရုံခံနိုင်လိမ့်မည်။
မိုဝူကျိက ကံကြမ္မာကြာနီကို မည်သူ ရသွားသည် ဖြစ်ဖြစ် ထိပ်တန်း ပါရမီရှင် လိန်ဟုန်ကျီလိုမျိုး လူ ဖြစ်နေလျှင်ပင် သူ့အနေနှင့် တစ်နှစ်၊ နှစ်နှစ်အတွင်း ကံကြမ္မာကြာနီကို သန့်စင်နိုင်လိမ့်မည် မဟုတ်ပေ။
……………
တစ်ချိန်တည်းဆိုသလို  စုရိုအာနှင့် တုံ့ဟွားလုံတို့က ရပ်တန့်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံးမှာ ဆက်တိုက် ထွက်ပြေးလာလေရာ မဟာလော့ရှန်းအဆင့် ကျင့်ကြံသူ တစ်ဦး၏ စိတ်စွမ်းအား နယ်ပယ်ကိုပင် ကျော်လွန်သွားပြီ ဖြစ်၏။
“ စီနီယာအစ်မ ဒီနေရာမှာ နေတာက အရမ်းအန္တရာယ်များတယ်။ ကျုပ်တို့တွေ စတေးပြီးတော့ အပြင်ထွက်ရအောင်လေ …. ”
တုံ့ဟွားလုံ စကားမဆုံးခင် စုရိုအာက တားဆီးလိုက်၏။ စုရိုအာ၏ ဒဏ်ရာများမှာ မကုသရသေးသောကြောင့် သူမ မျက်နှာမှာ ဖြူဖျော့နေဆဲ ဖြစ်သည်။ သူမက လက်ဝှေ့ပြကာ  “ ဟွားလုံ …  မင်းက အရမ်းရိုးလွန်းတယ်။ ငါတို့တွေ ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်ကနေ ထွက်မသွားရသေးခင် ငါတို့ကို တွေ့သွားလိမ့်မယ် ”
စုရိုအာက တုံ့ဟွားလုံ၏ စွမ်းရည်အကြောင်းကို ကောင်းကောင်း သိထား၏။ သူ့စွမ်းရည်ဖြင့် သူ့အတွက် နှစ်တစ်ရာကြာလျှင်ပင် ကံကြမ္မာကြာနီ၏ အရှိန်အဝါ၊ အငွေ့အသက်တို့ကို ဖုံးကွယ်ရန် ခက်ခဲဦးမည် ဖြစ်သည်။ ကံကြမ္မာကြာနီကို သန့်စင်ခြင်းက ထိုမျှအထိတော့ ကြာမြင့်မည် မဟုတ်ပေ။ တုံ့ဟွားလုံ၏ စွမ်းအားမှာ ဆက်တိုက် တိုးတက်နေဆဲ ဖြစ်ပြီး ကံကြမ္မာကြာနီကို သန့်စင်ဖို့ရာ အချိန်ကား  ပို၍ တိုလာလိမ့်မည်။
တုံ့ဟွားလုံက ကံကြမ္မာကြာနီ အငွေ့အသက်ကို ဖုံးကွယ်ထားနိုင်သည့် နည်းလမ်း မရှိပေ။ အကယ်၍ ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်အတွင်းမှ မည်သူကမှ အာရုံမခံမိလျှင်ပင် ကျိုးပျက်ကမ္ဘာပြင်ပသို့ ရောက်သွားသည်နှင့် အင်မော်တယ် ဧကရာဇ်များက ချက်ချင်း သတိပြုမိပေလိမ့်မည်။
အင်မော်တယ် ဧကရာဇ်များကို ထည့်မပြောလျှင်ပင် အင်မော်တယ် အုပ်စိုးသူများနှင့် အားကောင်းသော အင်မော်တယ်ဘုရင်တချို့ပင် ကံကြမ္မာကြာနီ၏ အငွေ့အသက်ကို အာရုံခံနိုင်ကြလိမ့်မည်။
“ မင်းရဲ့ စီနီယာအစ်မ ပြောတာ မှန်တယ်။ မင်းအတွေးတွေက တုံးအလွန်းတယ်။ တကယ်လို့ ရတနာက မင်းလက်ထဲမှာ ရှိနေရင် ဖုံးကွယ်ထားသင့်တာပေါ့။ အခုလို လျှောက်ပြေးနေတာက မကောင်းဘူးနော် ” တည်တည်ငြိမ်ငြိမ် အသံတစ်သံက စုရိုအာ စကားကို ဖြတ်ပြောလိုက်သည်။
“ ဘယ်သူလဲ ” စုရိုအာနှင့် တုံ့ဟွားလုံတို့၏ စိတ်ထဲ လေးလံသွားလေ၏။ သူတို့နှစ်ယောက်လုံးက ဖူကျန်းဆောင်အား သတ်လိုက်သော မဟာလော့ရှန်းအဆင့် ကျင့်ကြံသူသည် သူတို့နောက် လိုက်မလာသည့် အကြောင်းအရင်းကို နားမလည်ကြသော်လည်း ဤနေရာ၌ သူတို့မှာ ပါးမွှားလေးမျှသာ ဖြစ်ကြောင်း သိပေသည်။ မည်သူပင် ရောက်လာစေကာမူ နှစ်ယောက်လုံးမှာ ခုခံဖို့ရာ လုံးဝကို ကူကယ်ရာမဲ့ ဖြစ်နေလေ၏။
“ ကူးဖေးယီ ….”  နာမည်ကို ရေရွတ်ပြီးနောက် ပုံရိပ်တစ်ခုက သူတို့နှစ်ယောက်ရှေ့မှောက် ရောက်လာသည်။
ထိုလူမှာ အင်မတန် မည်းနက်နေပြီး မင်ရည်ကန်ထဲ နှစ်ပြီး မဆေးကြောထားသည့်အလား မည်းနက်နေသည်။ စုရိုအာကို အံ့ဩစေသည်က ထိုလူ ပတ်လည်တွင်  ရှိနေသော အင်မတန် အေးစက်နေသော လေအေးများ ဖြစ်၏။ သို့သော်လည်း ထိုအေးစက်မှုအတွင်း အလွန်ပူပြင်းသည့် နေမင်း၏ အငွေ့အသက်များလည်း ပါဝင်နေဟန် ပေါ်သည်။
စုရိုအာက ဘာမှမပြောပေ။ သူမက ယခုအချိန် ဘာပြောပြော အသုံးမဝင်ကြောင်း သိထား၏။
“ ရိုးသားမှုက လက်ခံဖို့ ခက်ခဲတယ်ဆိုပေမဲ့ မင်းတို့နှစ်ယောက်လုံးကို အမှန်တရား တစ်ခုတော့ ပြောပြလိုက်မယ်။
ကျိုးပျက်ကမ္ဘာထဲမှာတောင် မင်းတို့အပေါ်က မီးဓာတ် သဘာဝရတနာကို အာရုံခံနိုင်တဲ့သူ အနည်းဆုံး တစ်ရာ၊ နှစ်ရာလောက် ရှိတယ်” ကူးဖေးယီ၏ စွမ်းအားစက်ကွင်းက စုရိုအာနှင့် တုံ့ဟွားလုံတို့ကို လွှမ်းခြုံသွားလေ၏။ သူ့အသံမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း စုရိုအာက သူ့အသံအတွင်းမှ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုကို ခံစားမိလေသည်။
“ ငါ့ဆီ ပေးလိုက် ” ကူးဖေးယီက မတိုက်ခိုက်သေးပေ။ ထို့အစား သူ့စွမ်းအားစက်ကွင်းကို ဤနေရာအား ပိတ်လှောင်ထားရန် ဆက်တိုက် သုံးထားခြင်းသာ ဖြစ်၏။ သူက တိုက်ခိုက်ဖို့ရာ ကြောက်ရွံ့နေ၍ မဟုတ်ဘဲ စုရိုအာနှင့် တုံ့ဟွားလုံတို့မှာ ပုရွတ်ဆိတ်ကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်နေ၍ ဖြစ်သည်။ သူ လှုပ်ရှားလိုက်သည်နှင့် တစ်ဖက်လူတွင် ကံကြမ္မာကြာနီ ရှိနေကြောင်း ထွက်ပေါ်သွားမည်ကို စိုးရိမ်နေသောကြောင့် ဖြစ်၏။
တုံ့ဟွားလုံ၌ ကံကြမ္မာကြာနီ  ရှိနေကြောင်း သေချာနေသောကြောင့် ယခင်စကားများ၌ သူတို့ကို မလိမ်ညာခဲ့ပေ။ လူတစ်ယောက်က မီးဓာတ် သဘာဝ ကျင့်စဉ် သို့မဟုတ် ယင်အမျိုးအစား ကျင့်စဉ်ကို ကျင့်ကြံသရွေ့ တုံ့ဟွားလုံပေါ်၌ ရှိနေသော ထူးထူးခြားခြားစွမ်းအားကို အာရုံခံမိပေလိမ့်မည်။ ထိုထူးခြားလှသည့် စွမ်းအားအပြင် သူ ကြားထားသော အချက်အလက်များအရ တုံ့ဟွားလုံပေါ်တွင် ကံကြမ္မာကြာနီ  ရှိကြောင်း သေချာသွားခြင်း ဖြစ်၏။
စုရိုအာက အသက်ပြင်းပြင်းရှုကာ  “ ကျမတို့ ရှင့်ကို ပေးလို့ရတယ်။ ဒါပေမဲ့ ကျမတို့ နှစ်ယောက်လုံးကို လွတ်ပေးဖို့ ကျိန်ဆိုရမယ် ”
ကူးဖေးယီ၏ စိတ်ထဲ ဝမ်းသာသွားမိသည်။ သူက တုံ့ဆိုင်းမနေဘဲ  “ ကောင်းပြီ …. မင်းတို့နှစ်ယောက်ကို လွတ်ပေးမယ်။ အခု ငါ့ကိုပေး ”
ကူးဖေးယီက မြန်မြန်ဆန်ဆန် ဖြေလိုက်သည်။ သူ့စိတ်ထဲ၌ ပျော်ရွင်နေရုံသာမက စုရိုအာကိုလည်း မထီမဲ့မြင် ဖြစ်မိသွားသည်။ သူတို့က ကံကြမ္မာကြာနီ၏ နေရာကို သိနေလေရာ အဘယ်ကြောင့်များ လွတ်ပေးရမည်နည်း။ ထွက်သွားလိုခြင်းမှာ အိပ်မက်မက်နေခြင်းသာ ဖြစ်လိမ့်မည်။
……………
မိုဝူကျိက ရုတ်တရက် ရပ်တန့်လိုက်သည်။ သူက ရွမ်ရှန်း အစောပိုင်းအဆင့် ကျင့်ကြံသူ နှစ်ယောက် တိုက်ပွဲ ဖြစ်နေသည်ကို မြင်လိုက်ရသည်။ တစ်ယောက်မှာ မုတ်ဆိတ်မွေးနှင့် ဖြစ်၏။ ထိုသူမှာ  မိုဝူကျိ အမြဲ ရှာနေသော လူတစ်ယောက် ဖြစ်နေသည်။
“ ဆရာကြီးဖူကျိ မတွေ့တာ ကြာပြီနော်။ ဒီနေရာမှာ တွေ့လိမ့်မယ်လို့ ထင်မထားမိဘူး ” ခြေတစ်လှမ်းဖြင့် မိုဝူကျိက ထိုရွမ်ရှန်းအဆင့် ကျင့်ကြံသူနှစ်ဦး ရှေ့ ရောက်သွားသည်။
သူ့စိတ်ထဲ၌ ဆရာကြီးဖူကျိ၏ ကျင့်ကြံနှုန်းကို အံ့ဩနေမိသည်။ အချိန်တိုလေးအတွင်း သူက ရွမ်ရှန်းအစောပိုင်းအဆင့်အထိ ရောက်ရှိသွားလေပြီ။ ဆရာကြီးဖူကျိနှင့် တခြားသူတို့မှာ သူ့အမြန်နှုန်းကိုတော့ လိုက်မမှီချေ။
အင်မော်တယ်လောကအတွင်းရှိ အရင်းအမြစ်များမှာ ရှားပါးလာသောကြောင့်  ကျင့်ကြံဖို့ရာ တစ်ဆင့်ချင်းစီကား အင်မော်တယ် သဘာဝစွမ်းအားများ တည်ဆောက်ခြင်းနှင့်သာ အဆုံးသတ်နေရသည်။ ထို့ကြောင့် အင်မော်တယ်တစ်ယောက်အတွက် အဆင့် တစ်ဆင့်တက်လှမ်းဖို့ရာ နှစ်ထောင်ချီ ကြာမြင့်နေတတ်သည်မှာ မထူးဆန်းလှပေ။
ဘယ်လောက်တောင် ကြာနေလို့လဲ ….. ဆရာကြီးဖူကျိက ရွမ်ရှန်း အစောပိုင်းအဆင့်တောင် ရောက်လာပြီတဲ့လား ….
“ ဂိုဏ်းချုပ်မို …” ဆရာကြီးဖူကျိက မိုဝူကျိကို မြင်လိုက်ရသောအခါ ကြောင်အမ်းနေမိသေး၏။ မိုဝူကျိ၏ ကျော်ကြားလှသော နာမည်မှာ အင်မော်တယ်တခွင် ပြန့်နှံ့နေသည် မဟုတ်ပါလော။
မိုဝူကျိရဲ့ ဆောင်ရွက်ချက်များကို မည်သို့ မသိကြားဘဲ နေမည်နည်း။
သူတို့နှစ်ယောက်လုံးက အင်မော်တယ်တပိုင်းနယ်ပယ်မှ အတူတူ ရောက်လာခြင်း ဖြစ်သော်လည်း သူ မတွေ့ချင်ဆုံးသူမှာလည်း မိုဝူကျိ ဖြစ်နေပြန်သည်။
ဆရာကြီးဖူကျိနှင့် တိုက်ပွဲဖြစ်နေသည့် ရွမ်ရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျိ၏ အင်အားအကြောင်း မခွဲခြားနိုင်သော်လည်း  ဆရာကြီးဖူကျိ၏ မျက်ဝန်းမှ အကြောက်တရားကို မြင်လိုက်ရသည့် အခိုက်အတန့် ထိုလူမှာ မရိုးရှင်းကြောင်း သိလိုက်သည်။ သူက လှည့်ထွက်ပြေးဖို့ရာ တုံ့ဆိုင်းမနေတော့ချေ။
မိုဝူကျိက ထိုရွမ်ရှန်းအဆင့် ကျင့်ကြံသူအား ဂရုမစိုက်ပေ။ သူက ဆရာကြီးဖူကျိကိုသာ အာရုံစိုက်ထားလေ၏။ ယခင် သူတို့အဖွဲ့ ယုံရင်အစွန်းအဖျားဆီ ရောက်လာစဉ်အခါက လော့ချွမ်းဟယ်နှင့်ကျာချီတို့က သစ္စာဖောက်ခံလိုက်ရပြီး ပေသီးသည်လည်း ယင်ပြန့်မြို့၌ သေလုနီးပါး ဖြစ်ခဲ့ရသည်။ ထုံချိန်သည်လည်း အသတ်ခံလိုက်ရသည်။ ထိုအရာအားလုံးအတွက် သံသယဝင်စရာ အကောင်းဆုံးသူမှာ ဆရာကြီးဖူကျိသာ ဖြစ်၏။
“ ဂိုဏ်းချုပ်မို ကျုပ်စကားကို နားထောင်ပါဦး…. အဲတုန်းက ဖြစ်ခဲ့တာတွေက ကျုပ်နဲ့ မဆိုင်ပါဘူး။ ကျုပ်က အင်မော်တယ်ကူးသန်းရေး သင်္ဘောကို ရခဲ့ပေမဲ့ ကျုပ်မိတ်ဆွေတွေကို သစ္စာမဖောက်ခဲ့ပါဘူးဗျာ ” ဆရာကြီးဖူကျိက ပြောရင်း မိုဝူကျိဆီ လက်စွပ်တစ်ကွင်း ထုတ်ပေးလိုက်သည်။
မိုဝူကျိက လက်စွပ်ကို ဖမ်းကာ မစစ်ဆေးကြည့်ရသေးခင် မျက်နှာအမူအယာမှာ ပြောင်းလဲသွားပြီး ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားသည်။ ထိုအခိုက်အတန့်လေး၌ ဆရာကြီးဖူကျိရှေ့မှောက်၌ ရှိမနေတော့ချေ။
ဖူကျိက တုန်လှုပ်မိသွားသော်လည်း အရူးအမူး ပျော်ရွင်မိသွားသည်။ သူက ထွက်ပြေးဖိုရာ အဆောင်ထုတ်သုံးဖို့ တွေဝေမနေပေ။ သူက အင်မော်တယ်ဧကရာဇ်အဆင့် မရောက်ခင်အထိ မိုဝူကျိနှင့် ထပ်၍ မဆုံချင်ပေ။
သူက မိုဝူကျိ တစ်ယောက် ရုတ်တရက် ထွက်ခွာသွားသည့် အကြောင်းအရင်းကို မသိသော်လည်း ထိုအရာမှာ သူ့အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ဖြစ်ကြောင်း သိလိုက်သည်။
…………..…
“ ဖူး …” တုံ့ဟွားလုံက သွေးတစ်ပွက် အန်လိုက်ရသည်။ သူ့အူအစများပင် သွေးနှင့်အတူ ပါလာလေ၏။ သူ့လက်ထဲမှာ သိုလှောင်လက်စွပ်မှာလည်း ပေါက်ကွဲထွက်သွားသည်။
“ တုံးလိုက်တဲ့ဟာတွေ …”ကူးဖေးယီက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ယခု  သူက တုံ့ဟွားလုံမှာ သိုလှောင်လက်စွပ်အတွင်းမှ ဆက်သွယ်ရေး ပုတီးစေ့ကို ထုတ်နေမှန်း မြင်လိုက်ရ၏။ တုံ့ဟွားလုံသည် သတင်းပို့ဖို့ရာ ကြိုးစားနေသည်ဟု တွေးထင်လိုက်ပြီး လက်စွပ်ကို ဖျက်စီးပစ်လိုက်ခြင်း ဖြစ်၏။ သူသာ ကံကြမ္မာကြာနီကို မမြင်ရသေးသည့်အချက်ကြောင့်သာ မဟုတ်လျှင် တုံ့ဟွားလုံအား ချက်ချင်း သတ်ပစ်လိုက်လေပြီ။
“ ပစ္စည်းက ဘယ်မှာလဲ ….” တုံ့ဟွားလုံ၏ လက်စွပ်ကို ဖျက်စီးပစ်ပြီးနောက် လက်စွပ်ထဲ၌ ကံကြမ္မာကြာနီ ပါမနေကြောင်း သိလိုက်ရသည်။
တုံ့ဟွားလုံ၏ လက်စွပ် ဖျက်စီးခံလိုက်ရသည့်အခါ အထဲရှိ ပစ္စည်းများမှာ ပြာမှုန့် ဖြစ်သွားတော့သည်။ သို့သော်လည်း  ကူးဖေးယီက ကံကြမ္မာကြာနီကဲ့သို့သော ပစ္စည်းမျိုးမှာ ထိခိုက်မှု ရှိလိမ့်မည် မဟုတ်ကြောင်း သေချာသိနေသည်။
“ ခင်ဗျားက ဘာပစ္စည်းလိုချင်တာလဲ ” မိုဝူကျိက အေးစက်စွာ ပြောလိုက်သည်။
စွမ်းအားစက်ကွင်း၏ ချုပ်နှောင်မှု ပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်ပြီး စုရိုအာနှင့် တုံ့ဟွားလုံတို့က ထွက်ပြေးရန် ပြင်ဆင်လိုက်ကြသည်။ သို့သော် သူတို့က မိုဝူကျိ ရောက်လာသည်ကို မြင်သောအခါ စိတ်ခံစားချက်များ လျှံတက်လာသည်။
“ ဒါက ကျုပ် ကောင်းကင်အကြွင်းအကျန်တောင်ရဲ့ ကိစ္စပါ …. ဝင်မရှုပ်ပါနဲ့ ” ကူးဖေးယီ၏ အသံမှာ အေးစက်ကာ မာကြောနေသည်။ သူက နောင်တရမိ၏။ သူက တုံ့ဟွားလုံကို သတ်ကာ အလောင်းကို ယူသွားလိုက်လျှင် ရနေပေ၏။ ပစ္စည်းကောင်းများကား စတေးမှု လုပ်ရတတ်သည်။ သူက စတေးမှုကို ရှောင်ရှားလိုသောကြောင့် ထိုစတေးမှုက သူ့ဆီ ပြန်ရောက်လာခြင်း ဖြစ်၏။
မိုဝူကျိက မလှုပ်ရှားရသေးသော်လည်း သူက မိုဝူကျိမှာ အင်မတန် အားကောင်းကြောင်း ခံစားနေရသည်။ မိုဝူကျိသည် သူ့ထက်ပင် ပို၍ အားကောင်းလောက်ပေ၏။
“ အစ်ကိုကြီး ”
” စီနီယာအစ်ကိုကြီး ”
တုံ့ဟွားလုံနှင့်စုရိုအာတို့က  ပြောမပြတတ်သည့် စိတ်ခံစားမှုမျိုး ခံစားနေရသည်။ သူတို့က မိုဝူကျိနှင့် ဤနေရာတွင် ပြန်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ နှစ်ယောက်လုံး ခဏစောင့်နေဦး …. ငါ ဒီလူနဲ့ အကြွေးကျန်တစ်ချို့ ရှင်းလိုက်ဦးမယ် ” မိုဝူကျိက လက်ကို မြှောက်ကာ တုံ့ဟွားလုံအပေါ်၌ ဖုံးကွယ်ရေး သင်္ကေတတစ်ခု ထားပေးလိုက်သည်။
မိုဝူကျိ ရောက်ရောက်လာချင်းကတည်းက တုံ့ဟွားလုံဆီမှ ရှန်းထျန်း မီးဓာတ် သဘာဝ စွမ်းအားတမျိုး ထွက်ပေါ်နေမှန်း ခံစားမိလိုက်သည်။ ထိုသို့သန့်စင်လှသော စွမ်းအားမှာ သူ့ရှေးဦးမူလမီးကျောက်များထက်ပင် ပိုအားကောင်းနေသေးလေရာ ကံကြမ္မာကြာနီမှ လွဲပြီး ဘာများ ဖြစ်နိုင်မည်လဲ။
“ ဘန်း ” ကူးဖေးယီ၏ စွမ်းအားစက်ကွင်းမှာ ကြေမွသွားသည့် အခိုက်အတန့် ဝဲကတော့ စွမ်းအားစက်ကွင်းအတွင်း ပိတ်မိသွားသလို ခံစားလိုက်ရသည်။
ကူးဖေးယီ၏ မျက်နှာမှာ ဖြူဖျော့သွားလေ၏။ သူက မဟာလော့ရှန်း နောက်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပေသည်။ ပြောရမည်ဆိုလျှင် ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်အတွင်း အကြောက်တရားမရှိဘဲ သွားလာနိုင်သူ ဖြစ်၏။ သို့သော် မိုဝူကျိ၏ စွမ်းအားစက်ကွင်း ပေါ်လာသည်နှင့် သူက မိုဝူကျိ၏ လက်သီးတစ်ချက်ကိုပင် ခံနိုင်ရည်မရှိကြောင်း သိလိုက်သည်။
“ အင်မော်တယ်ရောင်းရင်းက ဒီလူနှစ်ယောက်ကို သိတယ်ဆိုမှတော့ ကျုပ်အမှားပဲ ထားလိုက်ပါ။ ကျုပ် သွားလိုက်ပါဦးမယ် ” ကူးဖေးယီက ထွက်သွားဖို့ရာ ကြိုးစားလိုက်သည်။
“ အခု ဒီရောက်နေပြီးတော့မှ ထွက်သွားနိုင်ဦးမယ် ထင်နေလား ” မိုဝူကျိ အသံတွင် သတ်ဖြတ်ငွေ့များ ရောနှောနေသည်။
ကူးဖေးယီ၏ စိတ်ထဲ အေးစက်သွားကာ ချက်ချင်း ပြောလိုက်သည်
“ အင်မော်တယ်ရောင်းရင်းက အကျိုးအကြောင်းမသင့် လုပ်နေတာပဲ။ ကျုပ်ရဲ့ ကောင်းကင်အကြွင်းအကျန်တောင်က ထိပ်တန်းဂိုဏ်းတော့ မဟုတ်ပေမဲ့ အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့အရာတော့ မဟုတ်ဘူး။ ကျုပ်ကို သတ်ပစ်နိုင်တယ် ဒါပေမဲ့  ကျုပ် သေသွားရင် ကောင်းကင်အကြွင်းအကျန်တောင်က ကျုပ်ကို ဘယ်သူက သတ်သွားတာလဲဆိုတာ သိမှာပဲ …. ”
မိုဝူကျိက ကူးဖေးယီ စကားကို မကြားသည့်အလား ပြုမူကာ အေးစက်စက် ဆက်ပြောလိုက်သည်  “ ကူးကျို့ရှီနဲ့ ဘာတော်လဲ ”
“ သူက ကျုပ်အစ်ကိုဝမ်းကွဲပါ …” ကူးဖေးယီက မိုဝူကျိ ဂူကျိုးရှီအကြောင်း မေးသောအခါ ဖြေဖို့ရာ တုံ့ဆိုင်းမနေပေ။ အကယ်၍ သူတို့နှစ်ယောက်သာ အချင်းချင်းသိနေလျှင်  ကိစ္စများက ဖြေရှင်းဖို့က ပို၍ လွယ်ကူသွားလိမ့်မည်။ သူ့ဝမ်းကွဲအစ်ကိုမှာ အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ဖြစ်ပြီး အင်မတန် အားကောင်းပေသည်။ သူက သူ့အစ်ကိုနှင့် အရမ်းတူသည့်အတွက် သူ့အစ်ကိုက သူ့အား မျက်နှာသာပေးလေ့ ရှိသည်။
“ အရမ်းကောင်းတယ် … ဒီနှစ်တွေမှာ နောက်ဆုံးတော့ အကြွေးပြန်သိမ်းနိုင်တော့မယ် ” ထိုသို့ပြောပြီး မိုဝူကျိက လက်ဝါးဖြန့်လိုက်သည့်အခါ အင်မော်တယ် သဘာဝစွမ်းအား လက်ကြီးတစ်ခု ပေါ်လာပြီး ကူးဖေးယီ၏ လည်ပင်းကို ချုပ်ကိုင်ထားလိုက်သည်။
အသက်မဲ့မြစ်အတွင်း သူက လီချင်းကူနှင့် ကူးကျို့ရှီတို့၏  ယင်ယန် တိုက်ပွဲကြောင့် အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရသည်။ သူ့အသက်ဓာတ်လမ်းကြောင်းကြောင့်သာ မဟုတ်လျှင် သူ့အလောင်းပင် ပျက်စီးနေလောက်လေပြီ။
သူက ထိုအရာကြောင့် သေခြင်း၊ ရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို သင်ယူခဲ့နိုင်သော်လည်း ရန်ကြွေးကိုတော့ မေ့ထား၍ မဖြစ်ပေ။ ထိုစဉ် သူက ထိုနှစ်ယောက် ဘယ်မှ ရောက်လာကြောင်း မသိလိုက်ပေ။ ယနေ့တွင် ကူးကျို့ရှီမှာ ကောင်းကင်အကြွင်းအကျန်တောင်မှ ဖြစ်ကြောင်း သိလိုက်ရသည်။

လူသားသစ္စာ (701-900)حيث تعيش القصص. اكتشف الآن