လူသားသစ္စာ 63
အခန်း ( ၈၆၇) : ရိုးရိုးတမ်းတမ်း သေဆုံးခြင်း
အထက်ဘုံ၊ တာအိုဧကရာဇ် နန်းတော်
ကျီချန်းလော့က စိတ်မသက်မသာ ဖြစ်နေရုံမှလွဲ၍ မတတ်နိုင်တော့ပေ။ ရက်များစွာကုန်လွန်လာသော်လည်း ကုံးရှုရှီဖန်းဆီမှ သတင်း မကြားရသေးပေ။ အကယ်၍ ထိုအရာက မလုံလောက်သေးလျှင် သူ့အား အင်မော်တယ်လောက၏ သတင်းများကို ပို့ပေးသော ဂိုဏ်းများလည်း တိတ်ဆိတ်နေကြ၏။
မဟုတ်သေးပါဘူး …
ဒီလိုဆက်သွားတာက ဖြေရှင်းနည်း မဟုတ်သေးဘူး …
အကယ်၍ မိုဝူကျိက တာအိုဧကရာဇ်ကို မသတ်နိုင်လျှင် ကျီချန်းလော့က ဂရုစိုက်နေမည် မဟုတ်ပေ။ သို့သော်လည်း အဓိကအချက်မှာ မိုဝူကျိ၏ တိုက်ပွဲမှတ်တမ်းများက အမှန်တကယ် တုန်လှုပ်ဖို့ ကောင်းလှသည်။ မိုဝူကျိက လွန်ဖာကိုပင် သတ်နိုင်စွမ်း ရှိလေ၏။ သူ ကျီချန်းလော့ပင် လွန်ဖာအား မသတ်နိုင်ပေ။
“ လာကြစမ်း …. လိန်ဟုန်ကျီကို ခေါ်ခဲ့ကြ ” ကျီချန်းလော့က ဆက်မစောင့်နိုင်တော့ပေ။
“ ဟုတ်ကဲ့ ” တာအိုဧကရာဇ် နန်းတော်အပြင်ဘက်မှ အသံ ထွက်ပေါ်လာသည်။
အမွေးတိုင်တစ်ဝက်စာအတွင်း နန်းတော်အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည် “ ဆရာ ကျွန်တော်ကို ရှာလား ”
ကျီချန်းလော့က ပျူဌာစွာ ပြောလိုက်သည် “ ဟုန်ကျီ …. လာလာ … ငါ့မှာ ကိစ္စတချို့ရှိလို့ မင်းကို ဖြေရှင်းစေချင်တယ် ”
“ ဟုတ်ကဲ့ ဆရာ ” အရပ်ရှည်ရှည် ခပ်တောင့်တောင့် လိန်ဟုန်ကျီက ဝင်လာလေ၏။ အထက်ဘုံသို့ ရောက်ရှိလာစဉ်နှင့် ယှဉ်ကြည့်လျှင် သူ့ဘေးပတ်လည်၌ မထိန်းနိုင်မသိမ်းနိုင် ပြင်းပြနေသော လျှပ်စီးအငွေ့အသက်များ ရှိမနေတော့ပေ။
ကျီချန်းလော့က ခေါင်းညိတ်ပြကာ “ မဆိုးဘူး …. မဆိုးဘူး။ ငါ့တပည့်တွေထဲမှာ မင်းရဲ့ အရည်အချင်းက တကယ်ကို ထူးခြားတယ်။ မင်းရဲ့ အင်မော်တယ် ဧကရာဇ်အဆင့်က အခြေတည်သွားပြီဆိုတော့ ပညာရှင်တစ်ယောက်ရဲ့ အရှိန်အဝါတွေ ရှိနေပြီ ”