အခန်း (၇၅၇) : ချမ်းသာချင်ရင် စတေးရမယ်
“ အစ်ကိုကြီးမို အင်မော်တယ် အုပ်စိုးသူအဆင့် ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် ” လော့စီက မိုဝူကျိ တစ်ယောက် ကောင်းကင်အား ကြည့်နေသည်ကို သတိပြုမိလိုက်သောကြောင့် မိုဝူကျီဆီ သွားကာ ဂုဏ်ပြုစကားဆိုလိုက်သည်။
မိုဝူကျိက ရယ်မောကာ
“ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် မင်းလည်း အင်မော်တယ် အုပ်စိုးသူအဆင့် ရောက်ဖို့ မလိုတော့ပါဘူး။ အခု ကျုပ်က နှစ်ဖက်ချွန်လူကို သတ်ထားပြီးပြီဆိုတော့ ကောင်းကင်ဘုံအလွန်မြို့မှာ ဆက်နေမလား ဒါမှမဟုတ် ကျုပ်နဲ့အတူတူ စကြဝဠာ ဘုံပိုင်နယ်မြေဆီ လိုက်မလား ”
လော့စီက သက်ပြင်းချကာ
“ ကျမက ကောင်းကင်ဘုံနယ်နမိတ်အလွန်ကနေ ထွက်သွားချင်ပေမဲ့ အစိမ်းရောင်ကျောက် လုံလုံလောက်လောက် မရှိလို့ မလုပ်နိုင်ခဲ့ဘူး။ ကျမလိုမျိုး ကောင်းကင်ဘုံ နယ်နမိတ်အလွန်မှာ ငါးနှစ်လောက် နေခဲ့တဲ့သူအတွက် တကယ်လို့ ဒီနေရာက ထွက်သွားချင်တာနဲ့ မိစ္ဆာမျိုးနွယ်ကို ထောက်ပံ့ကြေးအနေနဲ့ အစိမ်းရောင်ကျောက် တစ်သောင်း ပေးဖို့ လိုတယ်။ ပြီးတော့ ကူးသန်းရေး အစီအရင်ခက နှစ်ထောင်ပေးရဦးမှာ ….
ကျမမှာ ရှိသမျှ အကုန်ရောင်းရင်တောင် အဲလောက် အစိမ်းရောင်ကျောက်တွေ စုမိမှာ မဟုတ်ဘူး ”
မိုဝူကျိက လော့စီ စကားကို ကြားလိုက်သောအခါ သူ့မျက်နှာအမူအယာမှာလည်း ပြောင်းလဲသွားလေ၏။
လော့စီက ဆိုင်ပိုင်ရှင်အနေနှင့် ကောင်းကင်ဘုံ နယ်နမိတ်အလွန်မှ ထွက်သွားရန် ကူးသန်းရေး အစီအရင် အခကြေးငွေမှာ သာမာန်လူများထက် ဆယ်ဆပိုကြောင်း ပြောဖူး၏။
သူက ဒီလောက် အစိမ်းရောင်ကျောက် အများကြီးကို ဘယ်ကနေ သွားရှာရမှာလဲ ….. ပြီးတော့ သူ့တွင် လော့စီအတွက်လည်း လုံလုံလောက်လောက် မရှိပေ။
“ ကျုပ်လည်း အဲလောက် အများကြီး မရှိဘူး ” မိုဝူကျိက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
တစ်သောင်းနှစ်ထောင်၏ ဆယ်ဆဆိုလျှင် တစ်သိန်းကျော်သွားပေလိမ့်မည်။