အခန်း (၇၇၀) : ရူးသွပ်လောက်သည့် တိုက်ပွဲဗျူဟာ
အစီအရင်အတွင်း မိုဝူကျိက ယင်ယန် တံဆိပ်တော်ကို ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက အစီအရင်အလံများကိုလည်း ပစ်လွှတ်လိုက်သည်။
သေစေလောက်သည့် စွမ်းအားများက နေရာအနှံ့ ပြန့်နှံ့လာသည်။
“ ဘယ်လိုတိုက်ကွက်မျိုးလဲ ” အူးကျောက်ဟယ်က သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ တအံ့တဩ ရေရွတ်လိုက်သည်။ သူက သူ့ယန်တံဆိပ်တော်မှာ မိုဝူကျိကြောင့် ပျက်စီးသွားသည်ကိုပင် မေ့လျော့သွားလေ၏။
သူ့ရှေ့မှ မြင်ကွင်းမှာ မီးခိုးဖြူရောင် ပြောင်းလဲသွားပြီး တစ်ဖက်မှာ ရှင်ခြင်းတရား ရှိကာ နောက်တစ်ဖက်၌ သေခြင်းတရား ရှိနေသည်။ မီးခိုးဖြူက ဖြည်းဖြည်းချင်း ကျယ်ပြန့်လာပြီး သူ့အသက်မှာလည်း ထိုသေခြင်းရှင်ခြင်း စက်ဝန်း၌ ချည်နှောင်ခံလိုက်ရသလို ခံစားမိလိုက်သည်။ ထိုစဉ် သူ့အသက်ဓာတ်မှာ ထိုသေစေလောက်သည့် စွမ်းအားကြောင့် စုပ်ယူခံနေရသော်ငြား ထိုအထဲ၌ ရှင်သန်ခြင်း လမ်းကြောင်းကိုလည်း မြင်နေရသည်။
လင်းရုန်နှင့် သဲ့ဖျင်ရှားတို့က သေခြင်းရှင်ခြင်း စက်ဝန်းအား မခံစားမိကြပေ။ သို့သော်လည်း သူတို့က ကြောက်မက်ဖွယ် ကောင်းပြီး ခြိမ်းခြောက်နိုင်သည့် အငွေ့အသက်မျိုးကို ခံစားမိကြ၏။ သူတို့ဘေးပတ်လည်မှ နေရာတစ်ခုလုံးမှာ အချိန်မရွေး လဲပြိုပျက်စီးသွားတော့မည့်အလား ဖြစ်နေသည်။
အကယ်၍ သူတို့ ထွက်သွားနိုင်လျှင် ထွက်ပြေးသွားလောက်ပြီးလေပြီ။ မိုဝူကျိအား သူ့လက်သည်းချက်ဖြင့် ဒဏ်ရာပေးထားနိုင်သော သဲ့ဖျင်ရှားပင် သူ့တိုက်ခိုက်ရေး မှော်ရတနာအား သိမ်းကာ ကာကွယ်ရေး အမျိုးအစား နာရီကို ထုတ်လိုက်ရ၏။
သူတို့သာ အရူး မဟုတ်သရွေ့ မိုဝူကျိသည် သူ့အသက်ကို စတေး၍ လုပ်ဆောင်ဖို့ ကြိုးစားနေမှန်း သိကြပေမည်။ ထိုအရာမှာ အဆင့် ၇ အင်မော်တယ် အစီအရင်နှင့် အဆင့် ၇ အစီအရင်ဆီ ပေါင်းစပ်ထားသော အစီအရင်များစွာ၏ အလိုလို ဖောက်ခွဲခြင်း ဖြစ်ပေသည်။