အခန်း (၈၅၃) : သေစေလောက်သည့်အန္တရာယ်
အဆင့်အမျိုးမျိုး၏ ညွှန်ကြားချက်များက မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်း တရှိန်ထိုး ပြေးဝင်လာကြသည်။ သူ့အနေဖြင့် ထိုအရာအားလုံးကို ချက်ချင်းသန့်စင်ဖို့ စွမ်းရည် မရှိသော်လည်း သူက ပညာရှိတာအိုအဆောင်မှလည်း မထွက်သွားလိုပေ။ ထို့ကြောင့် သူတွေးနိုင်သမျှ တစ်ခုတည်းသော ရွေးချယ်မှုမှာ ထိုညွှန်ကြားချက်များကို စီစစ်ထုတ်ဖို့ ဖြစ်သည်။ မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်းသို့ ဝင်မလာခင် ညွှန်ကြားချက်များက တစ်ခုပြီးတစ်ခု ဖြတ်တောက်ခံလိုက်ရ၏။ ပမဏ နည်းနည်းမျှသာ စုပ်ယူခံလိုက်ရပြီး သူ၏ ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။
တခြားလူများက ဤအရာကို ဖြုန်းတီးနေသည်ဟု ထင်ကောင်း ထင်နိုင်လောက်၏။
တချို့သူများအနေနှင့်လည်း ထိုသို့ မလုပ်ဆောင်ရဲလောက်ချေ။ အကြောင်းမှာ ပညာရှိတာအိုအဆောင်၏ အင်အားကို သက်ရောက်မှု ရှိလေမလားဟူ၍ ကြောက်ရွံ့နေကြ၍ ဖြစ်သည်။ သို့သော်လည်း မိုဝူကျိက ထိုအရာအားလုံးကို လုံးဝ ဂရုမစိုက်ခဲ့ပေ။
သူက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ကျင့်ကြံသောကြောင့် ပညာရှိတာအိုအဆောင်မှ ညွှန်ကြားချက်များစွာကို မလိုအပ်ပေ။
သူက အခြေခံ ညွှန်ကြားချက်များကို သိရှိသွားသည်နှင့် သူ့တာအို အသိဉာဏ်ပွင့် လမ်းကြောင်းကို အသုံးပြု၍ သူ့အပိုင် ဖြစ်နိုင်သည့် တာအိုအဆောင်အား လေ့လာနိုင်ပေလိမ့်မည်။
သူက ညွှန်ကြားချက်အမျိုးမျိုးကို ဖြတ်တောက်လိုက်သောကြောင့် အသိစိတ်ပင်လယ်မှ ဖိအားကလည်း သိသိသာသာ လျော့ဆင်းသွားသည်။ သူ့ဘေးပတ်လည်၌ ငွေရောင် ညွှန်ကြားချက်များက စတင် ဖြစ်တည်လာသည်။
ထိုငွေရောင် ညွှန်ကြားချက်များက ဖြတ်ခနဲဖြစ်သွားကာ သူ့အား အပြည့်အ၀ လွှမ်းခြုံသွားလေ၏။
………….
ကွာချန်းမြို့၊ ရှန်းကျစ်ယန်၏ ယာယီ ရုံးခန်းအတွင်း
ရှန်းကျစ်ယန်က ဖုန်တလုံးလုံးနှင့် ဖြစ်နေသော ထန်ကျန်းမန်ကို တအံ့တသြ ကြည့်လိုက်သည်။ သူမ အမှန်တကယ် ရောက်ရှိလာလိမ့်မည်ဟု တစ်ခါမျှ တွေးမထားမိပေ။