အခန်း (၈၇၄) : တျန်းဂျီ၏ ငါးခုမြောက် အမှတ်အသား
ခန်းမကြီးမှာ အမှန်တကယ် ကြီးမားကျယ်ဝန်းလှသည်။ သူတို့က တစ်နာရီလုံးလုံး လျှောက်လှမ်းလာသော်လည်း နံရံကို မမြင်ရသေးပေ။ မိုဝူကျိက သူ့ကံကောင်းမှုသူ ချီးကျူးမိလိုက်၏။ အကယ်၍ ယူကျန်းနာနှင့် အခြားနှစ်ယောက်သာ တံခါးအဝနား ရှိမနေလျှင် သူက တန်းဝင်သွားမိလောက်သည်။ သူ ဝင်သွားသည်နှင့် ယူကျန်းနာက သူ ထိုလူငယ်လေးအား သတ်ထားသည့် အမှတ်အသားကို တွေ့သွားလျှင် အကျိုးဆက်က မတွေးဝံ့စရာ ဖြစ်၏။
နောက်ထပ် အမွေးတိုင် တစ်တိုင်စာလောက် ကြာမြင့်ပြီးနောက် အုပ်စုက ရပ်လိုက်ကြတော့သည်။ သူတို့ရှေ့တွင် ရှိနေသည်က နံရံကြီး မဟုတ်ဘဲ သင်္ကေတအလွှာ တစ်ခု ဖြစ်နေ၏။
ထိုသင်္ကေတအလွှာက ကြည်လင်နေပြီး အားကောင်းသည့် တာအိုစည်းမျည်းများ လှိုင်းထနေသည်။ သာမာန်နည်းလမ်းများဖြင့် ထိုတာအို သင်္ကေတများအား ဖွင့်နိုင်မည် မဟုတ်ပေ။ တစ်ချိန်တည်းဆိုသလို မိုဝူကျိက သူ့ခွန်းဝူဓားအနေနှင့် ဤအလွှာအား ဖွင့်နိုင်မလားဟု တွေးလာမိ၏။ ခွန်းဝူဓားမှာ ရှေးဟောင်း နတ်ဓားဆယ်လက်မှ တစ်လက် ဖြစ်သည် မဟုတ်ပါလော။
မိုဝူကျိ၏ စိတ်စွမ်းအားက ထိုအလွှာအား လုံးဝ ထိုးဖောက်နိုင်စွမ်း မရှိပေ။
" ဒါက တျန်းဂျီ ကံကြမ္မာ အလွှာလေ။ ဒီအလွှာပေါ်က သင်္ကေတတွေက ထိပ်တန်းအဆင့် ကမ္ဘာဦး ကံကြမ္မာ အစီအရင်ပဲ .... ဘယ်သူကမှ အစီအရင်ကို ပုံတူမပွားနိုင်ဘူး။ တျန်းဂျီရဲ့ ကမ္ဘာဦး ကံကြမ္မာနဲ့မှ ဖြစ်တည်လာတာ .... တျန်းဂျီ ကံကြမ္မာအလွှာအထဲမှာ အင်မော်တယ်နယ်မြေရဲ့ ကံကြမ္မာ နှုတ်ယူထားတဲ့ နယ်မြေ ရှိတယ် ..." ယူကျန်းနာက သင်္ကေတများနှင့် ပြည့်နေသည့် အလွှာကို ကြည့်ကာ ပြောလိုက်သည်။
" အဲဆို ဒီကံကြမ္မာအလွှာကို ဘယ်လိုဖွင့်ကြမလဲ " မိုဝူကျိ စိတ်ထဲ မရေမရာ ဖြစ်နေမိသည်။ သူ့အစီအရင်တာအိုအဆင့်နှင့်ပင် ဤသည်က ဧရာမ အစီအရင်ကြီး ဖြစ်ကြောင်း မြင်နိုင်စွမ်း မရှိပေ။
ယူကျန်းနာက အပြောင်းအလဲမရှိ ပြောလိုက်သည် " တျန်းဂျီတုတ် ရောက်လာရင် ရပြီ "