အခန်း (၇၇၇) : တံခါးပိတ် ကျင့်ကြံနေရာမှ ထွက်လာခြင်း
အရပ်ရှည်ရှည် ကြည့်ကောင်းသည့် လူငယ်လေး တစ်ဦးက တာအိုဆွေးနွေးခြင်း စင်မြင့်ပေါ် ရောက်ရှိနေပြီး မျက်စိပသာဓ ဖြစ်စေသည့်အချက်မှာ သူ့နဖူးထက်၌ ထင်ရှားနေသည့် ကြယ်ပုံသဏ္ဍာန် အမာရွတ် ဖြစ်ပေသည်။
လူငယ်လေးက တာအိုဆွေးနွေးခြင်း စင်မြင့်ပေါ် ခြေချလိုက်ရုံမျှ ဖြစ်သော်လည်း သူ့၏ ခမ်းနားကြီးကျယ် တောက်ပြောင်လှသော အရှိန်အဝါတို့က ထွက်ပေါ်လာသည်။
လာရောက်ကြည့်ရှုသူများကြား ဆွေးနွေးသံများ ပွက်လောရိုက်နေကြသည်။
“ သူက မဟာအင်မော်တယ်ဘုရင် သုံးယောက်ထဲက ဖြစ်နေတာ အံ့ဩစရာ မရှိတော့ပါဘူး။ အဲလိုအရှိန်အဝါနဲ့ ရင်ဆိုင်ရရင် ငါလည်း သေချာပေါက် ရှုံးမှာပဲ ”
“ အာ … မင်းတော့ ဒီလိုအရှိန်အဝါမျိုးနဲ့ စင်မြင့်ပေါ် ခြေအတူတူ ချနိုင်ဖို့ ပြဿနာရှာမှာတောင် စိုးရိမ်မိသား ”
“ ဝူလီက နတ်ဘုရားမျိုးနွယ်စုမှာလည်း အဆင့်အတန်းအတော်မြင့်မားတယ်တဲ့ …. အင်မော်တယ် ဧကရာဇ်တွေတောင် သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရတယ်။ လူသားမျိုးနွယ်က ဟိုအမျိုးသမီးနာမည်က ဘာပါ့လိမ့် ….. ရှောင်ရှောင်ယုမလား။ ဒီလို လူမျိုးနဲ့မှ သွားရင်ဆိုင်ချင်နေတာ ကိုယ့်သေတွင်းကို တူးနေတာနဲ့ အတူတူပဲကို ”
“ ဘာမှမသိဘဲ မပြောစမ်းပါနဲ့။ ဝူလီက သူမကို အရင်ဦးဆုံး စိမ်ခေါ်တာတဲ့။ ငါ ကြားတာတော့ သူမက သူ့ကို ရန်စမိလို့ဆိုလားပဲ ”
………..…
လူအုပ်ကြားမှာ ဆွေးနွေးသံအမျိုးမျိုး ပျံ့လွှင့်နေပြီး ဖြူဖျော့ဖျော့ မိန်းကလေး တစ်ဦးက တာအို ဆွေးနွေးခြင်း စင်မြင့်ဆီ ရောက်ရှိလာသည်။ သူမကလည်း ထိုခြေလှမ်းမှာ နောက်ဆုံးခြေလှမ်း ဖြစ်သွားနိုင်ကြောင်း သိနေဟန် ပေါ်၏။
စင်အောက်တွင် မျက်လုံးဝိုင်းဝိုင်းနှင့် မိန်းမလှလေး နောက်တစ်ဦးက ငိုတော့မတတ် ဖြစ်နေသော်လည်း သူမ၏ အစ်မရှောင်ယု သေဆုံးဖို့ သွားနေသည်ကိုသာ ကူကယ်ရာမဲ့ ကြည့်နေခဲ့ရသည်။ သူမ၏ အစ်မရှောင်ယုမှာ အင်မော်တယ်ဘုရင် အစောပိုင်းအဆင့်မျှသာ ရှိသေးကြောင်း ထည့်ပြောနေစရာ မလိုပေ။ အကယ်၍ သူမက အင်မော်တယ် အုပ်စိုးသူအဆင့် ဖြစ်လျှင်ပင် နတ်ဘုရားမျိုးနွယ်၏ ဝူလီနှင့် ရင်ဆိုင်ခြင်းက ကိုယ့်သေတွင်းကို တူးနေခြင်းသာ ဖြစ်ပေသည်။