အခန်း (737)

790 127 0
                                    

အခန်း  (၇၃၇)  :  သဲလွန်စ

သူ့လို တမန်တော်တစ်ယောက်အတွက် ဖင်းဖန်က မဟာဓားလမ်းစဉ်ဂိုဏ်းကို ဖျက်စီးလိုက်ခြင်းမှာ အရေးမပါပေ။ အနည်းဆုံးတော့ သူ့စိတ်ဝင်စားမှုနှင့် ဆန့်ကျင်နေခြင်း မရှိပေ။ ပုံမှန်အားဖြင့် သူက ပျက်စီးပြီးသား ဂိုဏ်းတစ်ခုအတွက် နောက်ဂိုဏ်းတစ်ခုအား အနှောင့်အယှက် ပေးမည် မဟုတ်ပေ။
မိုဝူကျိက ဤစုဝေးပွဲအပြီး အပြန်လမ်းတွင် လျှပ်စီးဂိုဏ်းကို ဖျက်စီးပစ်ရန် ရည်ရွယ်ထားလေ၏။ သို့သော် ယခုတွင် တမန်တော်က ဤသို့ပြောလိုက်သည့်အတွက် မိုဝူကျိက မဖြစ်နိုင်တော့ကြောင်း သိလိုက်ရသည်။ သူ့အင်အား  အဆင့်တစ်ခုရောက်သည့်အထိ စောင့်ဆိုင်းရပေမည်။
ထိုအချိန်ရောက်သည့်အခါ သူက တမန်တော်၏ စကားများကို ဂရုစိုက်ဖို့ရာ မလိုတော့ပေ။ မိုဝူကျိက ထိုအတွေးဖြင့် ပြန်ဖြေလိုက်၏
“ တမန်တော်က ပြောမှတော့ ကျုပ်တို့ ဖင်းဖန်က နာခံပါ့မယ်။ လျှပ်စီးဂိုဏ်းနဲ့ ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတော်တို့သာ ကျုပ်တို့ ဖင်းဖန်ကို စိမ်လာမခေါ်ရင် သူတိုကို အကြောင်းပြချက်မရှိဘဲ ဘာမှမလုပ်ပါဘူး ”
ဤနေရာရှိ အားလုံးက မိုဝူကျိသည် သူတို့ကို လုံးဝ လွတ်ပေးလိုက်ခြင်း မဟုတ်ကြောင်း သိကြသည်။ သူ့အပြုအမူအတွက် တစ်ခါတည်း အဆိုပြုထားပြီးသား ဖြစ်၏။
အကယ်၍ သူ့တွင် အကြောင်းပြချက်တချို့ ကျန်နေသေးလျှင် ဘယ်လိုလုပ်မလဲ ….
တခြားလူများက ပြောနိုင်သောကြောင့် ကျင်းယူလည်း မိုဝူကျိစကားနောက်မှ အဓိပ္ပါယ်ကို နားလည်ပေ၏။ သူက ပြုံးကာ စိတ်ထဲတွင် တွေးမိလိုက်၏
“ ဒီမိုဝူကျိက တကယ့်လူပဲ …. ”
တကယ်တမ်း မိုဝူကျိက သူ့စာရင်းတွင် ပါဝင်နေပေသည်။ ဤမျှငယ်ငယ်ရွယ်ရွယ်လေးဖြင့် မိုဝူကျိက အဆင့် ၈ ဆေးလုံးဧကရာဇ်အထိ ရောက်ရှိလာလေရာ သေချာပေါက် လျို့ဝှက်ချက်များ ရှိနေပေလိမ့်မည်။
မဟာဓားလမ်းစဉ်ဂိုဏ်း ပျက်စီးသွားသည့်အကြောင်းကို ကျင်းယူက မည်သို့ မကြားဘဲ နေမည်နည်း။ သူက ကျိုးပျက်ကမ္ဘာ လေးလွှာမြောက် အဝင်ဝကို စောင့်ကြပ်နေခြင်း ဖြစ်သော်လည်း ဤသို့ကိစ္စရပ်မျိုးကို သတိပြုမိသေးပေသည်။ မိုဝူကျိက မဟာဓားလမ်းစဉ်ဂိုဏ်းကို ဖျက်စီးနိင်သည့် ဂိုဏ်းမျိုး တည်ထောင်နိုင်သည့်အပြင်  အဆင့် ၈ ဆေးလုံးဧကရာဇ် ဖြစ်နေသောကြောင့် ဤနေရာ၌ မိုဝူကျိကို ဖိတ်ကြားဖို့ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
မူလက မိုဝူကျိအကြောင်း မေးမြန်း၍ မိုဝူကျိအား သိရန် အခွင့်အရေးကို အသုံးချချင်သော်လည်း ဟွမ်ရှားက မိုဝူကျိအား စွပ်စွဲပြောဆိုလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့ကြောင့် သူက ကိုယ်ပိုင်စိတ်ဝင်စားမှု မပါဘဲ ပညာရှင်ပီပီသသ ပြုမူရပေမည်။
“ ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ ဒီကိစ္စကို အဆုံးသတ်ကြတာပေါ့။ ဟွမ်ရှား … မင်းရဲ့ ဂိုဏ်း ပျက်စီးသွားတာက တကယ်ကို အဖြစ်ဆိုးပါပဲ။ မင်း ငါနဲ့အတူတူ အထက်ဘုံကို လိုက်ချင်လား … အင်မော်တယ်လောကကို ပြန်လာနိုင်တဲ့ အခွင့်အရေး ရလာတဲ့အခါကျ မဟာဓားလမ်းစဉ်ဂိုဏ်းကို ပြန်တည်ထောင်ပေါ့ … ဘယ်လိုလဲ ” ကျင်းယူက မိုဝူကျိအား မနှိပ်ကွက်သလို ဟွမ်ရှားကိုလည်း စိတ်ဓာတ်မကျစေပေ။ သူက ဟွမ်ရှားကို အထက်ဘုံဆီ ခေါ်သွားရုံသာမက ဟွမ်ရှားအား  မဟာဓားလမ်းစဉ်ဂိုဏ်း ပြန်လည် တည်ထောင်ခွင့်ပါ ပေးထားသေး၏။
“ ဟုတ်ကဲ့ပါ … ဟွမ်ရှား တမန်တော်ရဲ့ အမိန့်အတိုင်း  လိုက်နာပါ့မယ် ” ဟွမ်ရှားက လေးလေးစားစား ပြောလိုက်ပြီး ကျင်းယူနောက်သို့ သွားရပ်လိုက်သည်။
မိုဝူကျိ၏ စိတ်ထဲ အေးစက်သွားသည်။ သူစိတ်ထဲ အတွေးတစ်ခု ဝင်ရောက်လာလေ၏။ ဟွမ်ရှားက အစကတည်းမှ တမန်တော်ကို မဟာဓားလမ်းစဉ်ဂိုဏ်းအတွက် လက်စားချေရန်  အကူအညီတောင်းဖို့ရာ ရည်ရွယ်ထားခြင်း မဟုတ်လောက်ပေ။ ဤသို့မျှော်လင့်ချက်မှာ လက်တွေ့မကျမှန်း သိထားလောက်ပေသည်။ ထို့ကြောင့် သူ တောင်းဆိုလိုက်သည့် အဓိက ရည်ရွယ်ချက်မှာ အထက်ဘုံသို့ ဝင်ခွင့်ရရန်သာ ဖြစ်၏။
မိုဝူကျိက ဟွမ်ရှားကို လှည့်ကြည့်လိုက်လေ၏။ မျက်တွင်းဟောက်ပက်ဖြင့် ရပ်နေသည့် ဟွမ်ရှားမှာ လေးလေးနက်နက် တွေးတောတတ်သူ မဟုတ်သည့်အလား ပေါ်နေသော်လည်း မိုဝူကျိက ဤလူမှာ အနည်းငယ် ကြောက်ဖို့ ကောင်းကြောင်း ရုတ်တရပ် ခံစားမိလိုက်၏။
အထက်ဘုံက အင်မော်တယ်ဘုရင်နှင့်အထက် ကျင့်ကြံသူများကို မရွေးချယ်ပေ။
သီအိုရီ သဘောတရားအရ ဟွမ်ရှားက အထက်ဘုံသို့ သွားနိုင်ခြေ လုံးဝ မရှိပေ။ သို့သော် သူက မဟာဓားလမ်းစဉ်ဂိုဏ်း ပျက်စီးသွားသည့် ကိစ္စကို ထုတ်ပြောလိုက်သောကြောင့် ကျင်းယူက သူ့အား တစ်ခုခု ပြန်လည် ကြည့်ရှပေးရတော့မည် ဖြစ်သည်။ သူ့အနေနှင့် ဟွမ်ရှားအား ပေးနိုင်သည့် တစ်ခုတည်းသော အရာမှာ အထက်ဘုံသို့ ဝင်ခွင့်သာ ဖြစ်နေသည်။ ထို့အပြင် ဟွမ်ရှားက မဟာဓားလမ်းစဉ်ဂိုဏ်းမှ တစ်ဦးတည်းသော ကျန်ရစ်သူ ဖြစ်ပေသည်။
တခြားနည်းဖြင့် ဆိုရလျှင် ထိုအရာအားလုံးမှာ ဟွမ်ရှား ကြံစည်ထားခြင်းသာ ဖြစ်၏။
ကျင်းယူက လူအုပ်ကြီးဘက် ပြန်လှည့်ကာ ပြုံးလိုက်ရင်း
“ ကျိုးပျက်ကမ္ဘာရဲ့ လေးလွှာမြောက် ဖွင့်ပြီးတာလဲ ကြာလာပြီ။ ဒီအချိန်လေးမှာ ကျုပ်တို့ကလည်း ထူးချွန်တဲ့ ပါရမီရှင်တွေကို ရွေးချယ်ပြီးသွားပြီ။  အဲဒီပါရမီရှင်တွေက ကျုပ်နဲ့အတူတူ အထက်ဘုံဆီ လိုက်ခဲ့ကြရမယ် …. ”
လက်ခုပ်ဩဘာသံများ ထွက်ပေါ်လာလေ၏။ ဂိုဏ်းတော်တော်များများမှ တပည့်များ အရွေးခံထားရသည်မှာ သိသာလှသည်။
ကျင်းယူက ဆက်ပြောလိုက်သည်  “ မကြာခင် အထက်ဘုံဆီ သွားတော့မှာဆိုပေမဲ့ ကျုပ် နောင်တရမိတာ တစ်ခုတော့ ရှိနေတယ်။ အဲဒါက ကံကြမ္မာကြာနီပဲ …. ”
ကျင်းယူက ဤနေရာအထိ ပြောပြီးနောက် လူအုပ်ကြီးကို ကြည့်ကာ စကားကို ဖြည်းညှင်းစွာ ပြောလိုက်သည်
“ ကံကြမ္မာကြာနီနဲ့ ပတ်သတ်တဲ့ ကိစ္စက အရမ်းအရေးကြီးတယ်။ လူတော်တော်များများက ဒါကို နားမလည်လောက်ဘူးဆိုပေမဲ့  ကျုပ်တို့ အင်မော်တယ်လောကက ဘေးကင်းပြီး တည်ငြိမ်တဲ့ ကျင့်ကြံရေးဘုံ မဟုတ်ဘူး။ ကျုပ်တို့အထက်ဘုံမှာ အင်မော်တယ်လောကထက် ကျင့်ကြံရေး အရင်းအမြစ်များစွာ ရှိတယ်ဆိုပေမဲ့လည်း အဲဒီအတွက် အထက်ဘုံက  အင်မော်တယ်လောကကြီးကို အဲလိုမျိုး မတည်ငြိမ်မှုတွေကနေ ကာကွယ်ပေးထားတယ်လေ …. ”
“ တမန်တော်ကို တစ်ခုလောက် မေးချင်ပါတယ်။ အဲဒါက တပည့်အသစ် ရွေးချယ်ပွဲ လုပ်တဲ့ အကြောင်းအရင်းများလားဗျ ” တစ်ယောက်က မေးလိုက်သည်။
ဤလူတွင်  အထက်ဘုံမှ ရွေးချယ်ခံထားရသော ရင်းနှီးသည့် မိတ်ဆွေတစ်ယောက် ရှိလေရာ အန္တရာယ်များလားဟု သိချင်မိခြင်း ဖြစ်၏။
ကျင်းယူက စိတ်မပါစွာ ပြန်ဖြေလိုက်၏
“ ခင်ဗျား ပြောချင်တာကို ကျုပ် နားလည်ပါတယ်။ အခု ပြောပြပါ့မယ်။ ဒီပါရမီရှင် တပည့်တွေက အထက်ဘုံအတွက် အကူအညီ မဖြစ်သေးပါဘူး။ သူတို့က အထက်ဘုံအတွက် အရန် အင်အားစုတစ်ခုလောက်ပဲ …
ကျုပ်တို့ အဆင့်မြင့် ကျင့်ကြံသူတွေက ကျူးကျော်သူတွေနဲ့ တိုက်ခိုက်ပေးနေပါတယ်။ ဒါပေမဲ့ ကျုပ်တို့ လူတွေလည်း ကျရှုံးတာတွေ ရှိလာမှာပဲ … တကယ်လို့ တစ်ယောက်ယောက်က နေရာမယူနိုင်ဘူးဆိုရင် အထက်ဘုံလည်း ဖြည်းဖြည်းချင်း ဝါးမျိုခံလိုက်ရလိမ့်မယ် …. ”
ကျင်းယူက ထိုအထိ ပြောပြီးနောက် လေသံမှာ အေးစက်လာကာ 
“ အထက်ဘုံ မရှိတော့ဘဲနဲ့ အင်မော်တယ်လောက ဆက်ရှိနေဦးမယ် ထင်နေလား။ အန္တရာယ်နဲ့ ရင်ဆိုင်ဖို့ အားကောင်းဖို့ရာ လေ့ကျင့်ခြင်းက  လက်တွေ့အကျဆုံး ရွေးချယ်မှုပဲ …. အားလုံးက တွေးကြောက်စရာ မလိုပါဘူး။ ကျုပ်တို့ အထက်ဘုံဘက်က အမြဲတမ်း အရေးသာနေပါတယ်။ အခု ကျုပ်တို့ဆီကို ကျူးကျော်လာတာ မဟုတ်တော့ဘဲနဲ့ ကျုပ်တို့က  သူတို့ပိုင်နက်ထဲ ရောက်တဲ့သူတွေ ဖြစ်နေပါပြီ … ”
လူအုပ်ကြီးက ထိုစကားကို ကြားလိုက်သောအခါ စိတ်လှုပ်ရှားသွားကြသည်။
ကျင်းယူ၏ အသံမှာ သိသိသာသာ မြင့်တက်လာပြီး  “ ပြီးတော့ အားလုံးကို အရေးတကြီးမျှဝေစရာ တစ်ခု ရှိသေးတယ် ”
ဥယျာဉ်တစ်ခုလုံး တိတ်ဆိတ်သွားလေ၏။ အပ်ကျသံကိုပင် ကြားရလောက်ပေသည်။ အားလုံးက တမန်တော် ပြောလာမည့် အရေးကြီးကိစ္စကို အာရုံစိုက်ထားကြလေ၏။
ကျင်းယူက လေသံကို  လျော့လိုက်ပြီး 
“ လက်ရှိအခြေအနေမှာ ကျုပ်တို့ အင်မော်တယ်လောကရဲ့ အားအကောင်းဆုံး ပုဂ္ဂိုလ်က တာအိုဧကရာဇ် ချန်းလော့ပဲ။ သူ့ကျင့်ကြံဆင့်က မဟာဧကရာဇ်အဆင့်ကို ကျော်လွန်သွားပြီးတော့ နောက်တဆင့်ထဲ ဝင်နေပြီ …. ”
ဤနေရာရှိ အားလုံးမှာ တာအိုဧကရာဇ် ချန်းလော့အကြောင်း သိကြသည်။ သူက အထက်ဘုံနှင့် အင်မော်တယ်လောကတစ်ခုလုံး၏ အုပ်ချုပ်သူအရှင် ဖြစ်သည့် ကျီချန်းလော့ ဖြစ်ပေသည်။
“ ဒါပေမဲ့ အားလုံးကို ပြောပြချင်တာက အထက်ဘုံရဲ့ အရင်းအမြစ်တွေက အင်မော်တယ်လောကထက် ပေါများပြီးတော့ အင်မော်တယ် ဝိညာဉ်စွမ်းအားတွေကလည်း ကြွယ်ဝတယ်ဆိုပေမဲ့ တာအိုဧကရာဇ် ချန်းလော့က  သူ့ကျင့်ကြံဆင့်ကို ထပ်မတက်လှမ်းနိုင်တော့ဘူး ”
“ ဘာလို့လဲ  ” တစ်ယောက်က မေးလိုက်ပြန်သည်။
ကျင်းယူက သက်ပြင်းချကာ 
“ ကျုပ်တို့တွေကို မိုးမြေနဲ့ စကြဝဠာကြီးရဲ့ စည်းမျည်းတွေနဲ့ ကန့်သတ်ထားတာဆိုတော့ ကောင်းကင်ဘုံရဲ့ တာအိုကြောင့်လည်း ကန့်သတ်ခံထားရသေးတယ်။ ကျုပ်တို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ဒီလောကကြီးကနေ ထွက်ပြီး ပိုအဆင့်မြင့်တဲ့ နယ်ပယ်ဆီ သွားနိုင်ဖို့ပဲ။ ဒါပေမဲလည်း ကျုပ်တို့ အင်မော်တယ်လောကရဲ့ အပြင်ဘက်မှာ နယ်ခြားမျိုးနွယ်စုတွေ ဝန်းရံနေတာဆိုတော့ မဖြစ်နိုင်သေးဘူး။
ဒါပေမဲ့ ကျုပ်တို့တွေ ဒီနေရာကနေ ထွက်မသွားနိုင်ရင် ဒီအဆင့်အထိပဲ ရောက်နိုင်လိမ့်မယ်။ တကယ်လို့ အဲဒီမျိုးနွယ်စုတွေက ပိုပြီး အဆင့်မြင့်တဲ့အဆင့်ဆီ တက်လှမ်းသွားပြီးတာ့ အားကောင်းလာရင် ကျုပ်တို့ အင်မော်တယ်လောကက အဆုံးသတ်နဲ့ ရင်ဆိုင်ရလိမ့်မယ် … ”
လူအုပ်ကြီးက အသံများ ထွက်ပေါ်လာပြန်သည်။ ဤနေရာကို ရောက်လာသူတိုင်းမှာ အင်မော်တယ်လောက၏ အကျော်အမော် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မည်သူကမှ ကျင်းယူ လိမ်ညာနေသည်ဟု မခံစားရပေ။ ထို့အပြင် ဤသို့ကိစ္စရပ်မျိုးကိုလည်း လိမ်ညာပြောဖို့ရာ မလိုအပ်ပေ။
ကျင်းယူက သက်ပြင်းချကာ
“ ကံကြမ္မာကြာနီကို တစ်ယောက်က ယူသွားခဲ့တယ်။ ဒါပေမဲ့လည်း ကျုပ် ဒါကို ပြောပြတာက ခင်ဗျားတို့ ကံကြမ္မာကြာနီကို ယူသွားရင်လည်း အသုံးမဝင်လို့ ပြောပြတာပါ။ ခင်ဗျားတို့ ပါရမီက ဘယ်လောက်ကောင်းကောင်း အင်မော်တယ် ဧကရာဇ်အဆင့်ကို ကျော်နိုင်မှာ မဟုတ်ဘူး။ ကျုပ် ကံကြမ္မာကြာနီကို ရှာနေတာကလည်း ကျုပ်အတွက် မဟုတ်ဘဲနဲ့ တာအိုဧကရာဇ်အတွက်ပါ။
တကယ်လို့ ကံကြမ္မာကြာနီကိုသာ ပေးနိုင်မယ်ဆိုရင် အထက်ဘုံရဲ့ နတ်ဘုရားအဆင့် ကျင့်ကြံနယ်မြေ ဆယ်ခုထဲက တစ်ခုကို အပိုင်ပေးပါ့မယ်။ ခင်ဗျားတို့ရဲ့ ပါရမီက ဘယ်လိုဖြစ်ဖြစ် မဟာဧကရာဇ်အဆင့်အထိ တက်လှမ်းနိုင်ရအောင် အာမခံပေးပါ့မယ်။  ကျုပ် ကျင်းယူက ကျိန်ဆိုပါတယ် … ”
လူအုပ်ကြီးက လေအေးများ ရှုရှိုက်လိုက်ကြသည်။ အင်မော်တယ်လောကရှိ မဟာဧကရာဇ်အရေအတွက်မှာ လက်တစ်ဖက်တည်းနှင့် ရေတွက်လို့ ရပေရာ ထိုလူများကလည်း ဒေသ အာဏာရှင်များ ဖြစ်ကြသည်။ အကယ်၍ တစ်ယောက်က ကံကြမ္မာကြာနီကို ရရှိသွားလျှင်ပင်  မဟာဧကရာဇ်အဆင့် တက်လှမ်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင်း ကျင်းယူ၏ ကတိစကားက ပို၍ စိတ်ချယုံကြည်ရပေသည်။
ကျင်းယူက လူအုပ်ကြီးကို ကြည့်လိုက်ရင်း လေသံမှာ ပို၍ လှိုက်လှိုက်လှဲလှဲ ဖြစ်လာကာ 
“ တကယ်လို့ ကံကြမ္မာကြာနီ မရှိရင်လည်း တည်နေရာ ပြောပြလို့ ရပါတယ်။ နတ်ဘုရားအဆင့် ကျင့်ကြံနယ်မြေ ရပြီးတော့ မဟာဧကရာဇ်အဆင့် တက်လှမ်းနိုင်ဦးမှာပါ။ ပြီးတော့ တာအိုဧကရာဇ် ချန်းလော့ရဲ့ တာအိုအသိအမြင်တွေ ပါတဲ့ သလင်းကျောက်လည်း ရမှာပါ … ”
ထိုစဉ် လူအများစု မျက်ဝန်းမှာ အနီရောင်သမ်းလာကြလေ၏။ သို့သော်လည်း ကျင်းယူကို စိတ်ပျက်သွားစေသည်က မည်သူကမှ ရှေ့ထွက်မလာကြပေ။
ကျင်းယူက လက်ခံဖို့ရာ အင်တင်တင် ဖြစ်နေသေး၏။ ကံကြမ္မာကြာနီကို ယူသွားသည့် အင်မော်တယ်တွင် ထိပ်တန်းအဆင့် ကမ္ဘာငယ်ကို ပိုင်ဆိုင်ထားကြောင်း သေချာသိနေသည်။ ထိုကမ္ဘာငယ်လေးက ကိုယ်ပိုင် ဝိညာဉ်နယ်မြေထက်ပင် ကျော်လွန်နေပြီး သက်ရှိများပင် နေနိုင်လောက်ပေသည်။ မဟုတ်လျှင် သူ့အတွက် ကံကြမ္မာကြာနီကို အာရုံမခံမိဖို့ရာ မဖြစ်နိုင်ချေ။
“ တမန်တော်ခင်ဗျာ …. ကျုပ် နည်းနည်းတော့ ကြားမိတာလေး ရှိပါတယ်။ ဒါပေမဲ့ အသုံးဝင်ပါ့မလားတော့ မသိဘူး ” မျက်နှာရှည်ရှည် မဟာလော့ရှန်းအဆင့် ကျင့်ကြံသူက ရှေ့ထွက်လာကာ လေးလေးစားစား ပြောလိုက်လေ၏။
“ မြန်မြန် ပြော …” ကျင်းယူက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ဤမဟာလော့ရှန်းအဆင့် ကျင့်ကြံသူ အသံမှာ အလွန်လေးစားရိုးကျိုးနေကာ
“ ကျုပ်တို့တွေ ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်ကို ဝင်တုန်းက ကျင့်ကြံဆင့်နိမ့် ကျင့်ကြံသူနှစ်ယောက် ဝိညာဉ်စွမ်းအား အနည်းဆုံးနေရာကို သွားတာကို တွေ့လိုက်တယ်။ အဲတုန်းက ကျုပ်လည်း သိပ်တော့ အာရုံမစိုက်မိလိုက်ဘူး။ သူတို့ကျင့်ကြံဆင့်တွေက အရမ်းကို နိမ့်နေတာဆိုတော့ တခြားသူတွေနဲ့ မယှဉ်ပြိုင်ချင်ဘူး ထင်တယ်။ ဒါပေမဲ့ ကျုပ် ကံကြမ္မာကြာနီက ဝိညာဉ်စွမ်းအား နည်းတဲ့နေရာမှာ ပေါ်လာတဲ့အကြောင်းကို ကြားတော့ သံသယဝင်လာမိတာ … ”
မိုဝူကျိက ထိုအရာကို ကြားလိုက်ရသည့်အခါ သူ့စိတ်ထဲ လေးလံသွားမိ၏။ ဤလူက စုရိုအာနှင့် တုံ့ဟွားလုံတို့အကြောင်း ပြောနေခြင်းသာ ဖြစ်၏။ အကယ်၍ ဤလူက သူတို့နှစ်ယောက်၏ ပုံစံကို ဆွဲပြနိုင်လျှင် သူတို့တွေ အပြီးသတ်သွားလိမ့်မည်။
သူ့ဖင်းဖန်က ပို၍ အားကောင်းနေလျှင်ပင် အနည်းဆုံးတော့ ယခုအနေအထားဖြင့် အထက်ဘုံကို ခုခံနိုင်မည် မဟုတ်ပေ။
ဤမဟာလော့ရှန်းအဆင့် ကျင့်ကြံသူက မသေချာသော်လည်း  မဟာဧကရာဇ် တစ်ယောက်အနေနှင့် ကျင်းယူက ကံကြမ္မာကြာနီကို  ထိုကျင့်ကြံသူနှစ်ယောက်  ရရှိသွားကြောင်း ၉၀ ရာခိုင်နှုန်းလောက် သေချာ၏။
ကျင်းယူက သူ့ကိုယ်သူ ထိန်းကာ  ဖြည်းဖြည်းချင်း ပြောလိုက်သည်  “ အဲနှစ်ယောက်ရဲ့ ပုံစံကို အသေးစိတ်ဆွဲပြပါဦး။ အမှားအသေးလေးတောင် မလုပ်နဲ့။ မှားမှား၊ မှန်မှန် ဆုလာဘ်ချီးမြင့်ခံရမယ် …. ”
ဤမဟာလော့ရှန်းအဆင့် ကျင့်ကြံသူက အထိတ်တလန့်ဖြင့် ပြောလိုက်၏
“ ဒီဂျုနီယာလေးက တောင်းပန်ပါတယ်။ အဲတုန်းက ရတနာရဖို့ စိတ်ထဲ ရှိနေတာဆိုတာ့ သူတို့နှစ်ယောက်ကို အာရုံမရှိလိုက်ဘူး။ အဲကြောင့် သွင်ပြင်ပုံစံကိုတော့ မမှတ်မိလိုက်ဘူး။ သိလိုက်တာ တစ်ခုက  တစ်ယောက်က အမျိုးသား ဖြစ်ပြီးတော့ နောက်တစ်ယောက်က အမျိုးသမီးပဲ …..
အမျိုးသားက အရမ်းပိန်တယ်။ အမျိုးသမီးကလည်း ပိန်ပြီးတော့ အရပ်ရှည်တယ်။ သူမရဲ့ ဆံပင်တွေကို ဆံထုံး ဖွဲ့ထားတယ် …. ”
ထိုသူက ဤမျှအထိ ပြောပြီးနောက် ထိုနှစ်ယောက်၏ ပုံစံကို အသည်းအသန် ပြန်လည် စဉ်းစားပေးနေသည်။
စူးခရာအင်မော်တယ် ဥယျာဉ်အတွင်းရှိ တခြားသူများမှာ သဘောတရားကျကြောင်း တွေးမိလိုက်ကြ၏။ ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်ကို ဖွင့်စဉ် မည်သူကများ တခြားသူကို ဂရုစိုက်နေမည်နည်း။ အားလုံးက ဝိညာဉ်စွမ်းအား အသိပ်သည်းဆုံးနေရာကိုသာ ရွေးချယ်ကြပြီး ရတနာအတွက် တိုက်ခိုက်ကြလေသည်။ ဤမဟာလော့ရှန်းအဆင့် ကျင့်ကြံသူအနေနှင့် အဆင့်နိမ့် ကျင့်ကြံသူ နှစ်ယောက် ဝိညာဉ်စွမ်းအား နည်းပါးသည့် နေရာဆီ သွားသည့်အကြောင်း သိသည်ကပင် အတော်လေး လေ့လာအားကောင်းလွန်းနေပြီ ဖြစ်၏။

လူသားသစ္စာ (701-900)Donde viven las historias. Descúbrelo ahora