🍀2.Clover

3.5K 423 37
                                    

Unicode

စိတ်ပြေလက်ပျောက်ဆိုပြီး ညီကို ခြံထဲဆင်းခိုင်းတော့ ခြေကျင်းဝတ်က ချူလေးတွေကြောင့် အိမ်တော်ကြီးက ဆူညံလို့သွားသည်။

ဒီအသံလေးတွေကို လွမ်းမိနေမှဖြင့် ညီရယ်..

' ကိုယ်ပုံဖော်ပေးမယ်နော်။ ညီရပ်နေတဲ့ နေရာက မြက်ခင်းနုနုလေးတွေပေါ်မှာ ညီမျက်နှာ မူနေတာက ပန်းခင်းကြီး တစ်ခုဆီကို.. လေတွေက လတ်ဆတ်တယ် မဟုတ်လား။ '

ယူဆော့အမေးကို ခေါင်းလေး ညိတ်ကာဖြင့် ပြုံးသည်။

' စံပယ်ခင်းကြီးလား အကို.. '

ပြုံးယောင်လေး သမ်းလို့သွားသည့် ညီ့မျက်နှာလေး..

' အင်း။ ညီစိတ်ညစ်ရင် လာလို့ရအောင် လုပ်ပေးထားပေမယ့် ညီအခုမှ ပထမဆုံးလာဖူးတာမလား '

' ပထမဆုံးလာဖူးတာဆိုပင် သူ့ရနံ့ကိုတောင် ရဖူးတာ ပထမဆုံးမဟုတ်ဘူး။ ကျနော် အဲ့ပန်းခင်းထဲကို သွားချင်တယ် အကို။ လိုက်ပို့ပေးပါ '

ညီ့ရဲ့တက်ကြွတဲ့ ပုံစံလေးက ကျနော်ကြောင့်ပဲ ပျောက်ကွယ်ခဲ့ရသလို ကျနော့်ကြောင့်ပဲ ပြန်လည်ထွက်ပေါ်လာခဲ့။

လိုက်ပို့ပေးမှာပေါ့.. ကိုယ်မင်းကို လိုက်ပို့ပေးရမှာပေါ့..

ဝေ့ဝဲနေသည့် မျက်ရည်စတွေကို ထိန်းချုပ်မနေတော့ပါလေ ဘယ်သူမြင်မှာကြလို့..

ပန်းတွေလား?
သူတို့မမြင်ချင်ယောင်ဆောင်ကြမှာပါ..

ညီ့လက်လေးကို ဆွဲကာဖြင့် ပန်းခင်းကြီးထဲ ခြေချမိသည်။ ပန်းလေးတစ်ပွင့်ကို ခူးလိုက်ပြီး ညီ့လက်လေးထဲ ထည့်ပေးလိုက်တော့ ညီက မြတ်နိုးသဘောကျစွာ ပန်းကလေးကို နမ်း၏။

' ဒါနဲ့အကို။ ဘယ်သူကများ ကျနော့်ကို မျက်ကြည်လွှာတွေ လှူမှာလဲဟင် '

မျက်လုံးတွေက အဝေးတစ်နေရာကို ကြည့်လို့နေသည်။

' အရမ်းဆိုးတဲ့ လူတစ်ယောက်ပါ။ ဘဝမှာ ကောင်းတာလုပ်ခဲ့တာ တစ်ခုမှမရှိခဲ့လို့ ဒီတစ်နည်းနဲ့ပဲဖြစ်ဖြစ် ကောင်းမှုတစ်ခု လုပ်ချင်နေသူပါ '

မျက်ခုံးလေးတွေ ပင့်တက်သွားသည့် ညီက တစ်ခဏလေးသာ ထို့နောက်ပြန်ပြုံးလာပြီး။

CLOVER - Volume 2 {Completed}Where stories live. Discover now