*did we really meet at the wrong time❔part 1*

191 11 0
                                    

ကျမတို့..တကယ်ပဲ မှားယွင်းတဲ့အချိန်မှာ တွေ့ဆုံခဲ့ခြင်းလား...
အင်ဝိုင်း ~ မြောက်ပိုင်းဒေသရဲ့ တောနက်ထဲမှာရှိတဲ့ အရိုင်းဆန်ဆန်အလှတရားနဲ့ ရေတံခွန်တခု
ရေတွေက အရှိန်အဟုန်ပြင်းစွာနဲ့ ကျဆင်းနေတာကြောင့် ရေအမှုန်အမွှားတွေက ပတ်ဝန်းကျင်ကို ပျံ့နှံ့နေသလို
ရေပြင်ဆီ ကျသွားပြီးတဲ့ ရေတွေက တဖန် ရေတံခွန်ထိပ်ဆီ ပြောင်းပြန်စီးဆင်းနေတဲ့အလား ထင်မှတ်ရတယ်
ရေတံခွန်အောက်မှာက ပြာလဲ့နေတဲ့ရေအိုင်နဲ့
အစိမ်းရောင်မြက်ခင်းပြင်
ရေအိုင်အထက်မှာက ချောက်ကမ်းပါးနဲ့ ဝါးပင် ခြံနွယ်တွေ
ပြီးတော့ နှစ်ရှည်ခံသစ်ပင်ကြီးတွေ
တဖက်တောင်ကုန်းထိပ်ကနေ ရေတံခွန်ကို မြင်ရတဲ့မြင်ကွင်းက သိပ်လှတယ်
စိမ်းစိုနေတဲ့ သစ်ရွက်တွေရယ် နေရောင်အောက်မှာ ငွေမျှင်ရောင်တောက်နေတဲ့ ရေစက်တွေရယ်
အေးစက်တဲ့ ရေငွေ့တွေရဲ့အထိအတွေ့နဲ့
တောရဲ့တိတ်ဆိတ်မှု
ကျမအတွက်က ကျေနပ်ဖို့ကောင်းတဲ့ အခိုက်အတန့်တွေပါပဲ

ရေတလျှောက်ကုန်းကနေ ကျမ သရက်ကုန်းကို
ဖြတ်ပြီး ဆမ္မဆယ်ကို သွားခဲ့တယ်
ဆမ္မဆယ်ကနေမှ အုမ္မသီး အုမ္မခါး နောက်ဆုံး အင်ဝိုင်းသကြားစက်
တောင်ပေါ်ဒေသတောလမ်းတွေမှာ ဖြတ်မောင်းဖို့ဆိုရင် ထော်လာဂျီအမြင့်တွေက ပိုသင့်တော်တယ်
ရုန်းအားလည်းကောင်းတော့ ခရီးလည်း ရောက်လွယ်တယ်
အနည်းငယ်တုန်ခါတာမျိုးတော့ ရှိတာပေါ့
ဒါပေမယ့် ခဏကြာရင် နေသားကျသွားမှာပါ
အဲ့ဒီအခြေအနေနဲ့ အသားကျသွားရင် တအားပျော်ဖို့ကောင်းတာလေ
လမ်းတလျှောက်မှာက အဝါရောင်ပန်းနှမ်းခင်းတွေ ဝါးပိုးဝါးရုံတန်းရှည်တွေ သစ်ပင်ကြီးတွေနဲ့တောနက်
တောင်ပေါ်တက်သွားလိုက် တောင်အောက်ကို ဆင်းလိုက်နဲ့ မြေနီလမ်းက ကွေ့ကောက်ပြီး
အနိမ့်အမြင့်လည်း သိပ်များတယ်
မြေပြန့်ကျယ်တဲ့နေရာတွေမှာတော့ ကြံခင်းတွေကိုပဲ တွေ့ရတယ်

သရက်ကုန်းမရောက်ခင်မှာ ကော်ဖီခြံနဲ့ ထင်းရှုးတောငယ်ရှိတယ်
တောင်စောင်းတလျှောက် ကျယ်ပြန့်တဲ့မြေနေရာမှာ ကော်ဖီပင်ပုလေးတွေနဲ့ လက်ဖက်ပင်တွေက
စိမ်းမှောင်နေတယ်
ကော်ဖီပင်စိုက်ရင်တော့ အရိပ်ရပင်ပါ တွဲစိုက်ရတယ်
အပင်ကြီးတွေအောက်မှာမှ ကော်ဖီပင်တွေ ဖြစ်ထွန်းတယ်
ကော်ဖီသီးအနီရောင်တွေက သစ်ကိုင်းတလျှောက် တန်းစီပြီး သီးနေကြတာလေ
လမ်းတဖက်မှာတော့ ကြံခင်းကျယ်
ရွာတွေထဲက ဖြတ်ရသလို တောနက်ထဲကလည်း
ဖြတ်ရတယ်
ညောင်ကိုင်းထောက်ပင်ကြီးတွေကိုလည်း ပေါပေါများများ တွေ့ရတယ်
ပြီးတော့ တောင်ကျချောင်းနဲ့ ရေတံခွန်ငယ်တွေ

🍀soul mate🍀Where stories live. Discover now