အခန်း ၄၁၉ ။ သံသရာမှထွက်ခွာခြင်း
"အတိအကျ မေ့ပျောက်မြစ်ပဲ" ကူယွဲ့က အသည်းအသန်ခေါင်းညိတ်ကာ အဲပုံရိပ်တွေကို လက်ညှိုးထိုးပြလိုက်တယ်။
"ဒီကမ္ဘာငယ်လေးမှာ မေ့ပျောက်မြစ် အပိုင်းခွဲ လုံးဝမရှိဘူး၊ သီးသန့် ဖယ်ကျဉ်ခံထားရတဲ့အတိုင်းပဲ"
ယိချင်း ထိတ်လန့်သွားတယ်။ သူ လက်ထောက်အာဏာကို ဖွင့်ကာ မြင်ကွင်းကို သေချာကြည့်လိုက်ပေမဲ့ တကယ်ပဲ မြင်ကွင်းက ပြောင်းလဲမှု မရှိတာ မြင်လိုက်ရတယ်။ ကမ္ဘာကြီးကို စိမ်းစိုမှုတွေနဲ့ ဖုံးလွှမ်းထားပေမဲ့ အောက်ဘက်မှာတော့ မေ့ပျောက်မြစ် အရှိန်အဝါ နည်းနည်းလေးတောင် မရှိဘူး။
"ဘာလို့အဲလိုဖြစ်တာလဲ" ကမ္ဘာငယ်လေးထဲ လူတွေအများကြီး နေကြတဲ့ပုံပဲလေ။
"အဲဒါတင်မကဘူး" ကူယွဲ့က ကြေးမုံမှန်ပေါ် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး သူ့ရှေ့က မြင်ကွင်းက ချက်ချင်း ပုံကြီးချဲ့သွားတယ်။ စောနက ပုရွက်ဆိတ်အရွယ်လောက်ပဲရှိတဲ့ လူတွေက သူတို့မျက်စိရှေ့ ရှင်းရှင်းလင်းလင်း ပေါ်လာပြီး စကားပြောသံထွက်လာတယ်။
ဒါက သေမျိုးမြို့တစ်ခုပဲ။ ဖေဖေနျို့ပုံရိပ်က သေရည်ဆိုင်တစ်ဆိုင်မှာ ထိုင်နေတဲ့ပုံ။ စားပွဲထိုးက ဘေးကနေ သေရည်ကောင်းတွေကို ညွှန်းနေတယ်။
"ဆရာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ယွမ်ချင်းသေရည်သောက်ကြည့်ချင်လား၊ ကျွန်တော်တို့ ဆိုင်ရှင်ကိုယ်တိုင် ပြုလုပ်ထားပြီး သိုလှောင်ထားတာ နှစ်၂၀၀ရှိပြီ၊ ဒါမှမဟုတ်လည်း တောက်လောင်သေရည်နီကို မြည်းကြည့်လို့ရတယ်၊ ဒါက နှစ်၁၀၀သေရည်ပါ၊ ဆိုင်ရှင်ပဲ ဖန်တီးထားတာ" အဲလိုပြောကာ သူက တံခါးဘေးက မုတ်ဆိတ်ထူထူနဲ့ ဆိုင်ရှင်ကို လက်ညှိုးထိုးပြတယ်။
"နှစ်၂၀၀" ယိချင်း ထိတ်လန့်သွားတယ်။
"ဒီလူက..."
"သေမျိုးတစ်ယောက်" ကူယွဲ့ ကျိန်းသေပေါက် ပြောလိုက်တယ်။ သူက ဝိညာဉ်ချီရော ဝိညာဉ်ကြောပါမရှိတဲ့ သေမျိုးပဲ။
"ဒါကေမဲ့ သေမျိုးတွေရဲ့ သက်တမ်းက နှစ်၁၀၀မပြည့်ဘူးလေ၊ သူက ဘယ်လိုလုပ်..."