ဇာတ်လမ်း အစ

13.9K 739 25
                                    

၁၉၉၉ ခုနှစ်။

ပတ်ဝန်းကျင်တစ်ခွင်သည်ကျောချမ်းဖွယ်အတိ။
သည်းထန်စွာရွာသွန်းနေသောမိုးသည် အငြှိုးကြီးလွန်းသည်ပင်ထင်ရလောက်၏။လျှပ်စီးတဖျက်ဖျက်နှင့်မိုးခြိမ်းသံတိုးကားခြောက်ခြားဖွယ်ရာသာ။လမ်းမီးရောင်ပင်မရှိသောရွာလမ်းကလေးသည်မိုးခြိမ်းသံကလွဲ၍တိတ်ဆိတ်လွန်းနေသည်။ဘေးဘီရှိအိမ်ငယ်ကလေးများသည်လည်းလျှပ်စစ်မီးမရှိ၍ဖယောင်းတိုင်မီးစလေးများသာတွေ့နေရသည်။

"မေမေ"

"သား... ပြေး ...မြန်မြန်"

အဝတ်အစားခပ်နွမ်းနွမ်းဝတ်ထားသောကလေးငယ်တစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့သည်မိုးရွာထဲတွင် အကာအကွယ်ကင်းမဲ့စွာ တစ်စုံတစ်ရာဆီမှအသက်လုကာ ပြေးလွှားနေကြသည်။မိုးသက်လေပြင်းကျနေသည်ဖြစ်ရာရွာလမ်းမပေါ်ကကူရာမဲ့နေသောသားအမိနှစ်ယောက်၏အဖြစ်ကိုမည်သူမျှ မြင်ဟန်ကြားဟန်
မတူပါ။ကလေးငယ်သည်မိခင်ဖြစ်သူအား စိုးရိမ်ထိတ်လန့်စွာလှည့်ကြည့်သည်။အမျိုးသမီး၏ နောက်တွင်ယောက်ျား၃ယောက်သည် တုတ်များကိုယ်စီကိုင်ကာဒေါသမျက်လုံးများဖြင့်အပြေးလိုက်လာကြလေသည်။

"ပြေးတော့... သား အရင်ပြေးတော့"

ယောက်ျားအားနှင့်မိန်းမအားဖြစ်ရာ မည်သို့မျှမယှဉ်နိုင်။ လှမ်းဆွဲပြီးသည်နှင့်တစ်ခါတည်း တုတ်ဖြင့်ရိုက်ချလိုက်သည်။ အမျိုးသမီးသည် ရိုက်ချက်ကြောင့်
တုန်းခနဲလဲကျသွားတော့သည်။ထိုအချင်းအရာများကိုမျက်စိရှေ့တွင် မျက်ဝါးထင်ထင်တွေ့လိုက်ရသော ကလေးငယ်သည် ဒေါသကြောင့်သာမကအားငယ်စိတ်ကြောင့်တစ်ကိုယ်လုံးတုန်လာတော့သည်။
အမေဖြစ်သူလဲကျသွားသည်နှင့် ထိုလူကြီး နှစ်ယောက်သည် တရွတ်တိုက်ဆွဲခေါ်သွားတော့သည်။ ကျန်လူတစ်ဦးသည် ကလေးငယ်ဆီသို့ တစ်ရှိန်ထိုးပြေးလာလေသည်။ ကလေးငယ်သည်လည်းကြောက်လန့်စွာ အဝေးပြေးလမ်းမကြီးရှိရာသို့ အားကုန်သုံး၍ပြေးနေမိတော့သည်။ပြေးရင်းပြေးရင်း မီးရောင်ပြပြများ တစ်ချက်တစ်ချက်မြင်လာရသည်။အားတက်ကာ
အရှိန်ပိုတင်၍ပြေးလာသည်။

ဆလွန်းကားအဖြူလေးတစ်စီးသည် အဝေးပြေးလမ်းမကြီးအတိုင်း အရှိန်မှန်မှန်ဖြင့် တစ်ရွေ့ရွေ့မောင်းလာနေလေသည်။

"အား.... ကျွတ်စ် ကျွတ်စ်"

"ခဏလေးပဲ မိန်းမ....အားတင်းထား"

မွေးခါနီးဖွားခါနီး နေ့စေ့လစေ့ ဇနီးသည်ကိုနှစ်သိမ့်ရင်း သတိထားမောင်းနေရသည်။အပြင်ဘက်တွင်မိုးသည် တိုးမပေါက်အောင်ရွာနေသည်ဖြစ်ရာ အရှိန်ဖြင့်မောင်းရန်မလွယ်လှ။မိုးသည်းနေသည်ကတစ်ကြောင်း၊ ညအချိန်ဖြစ်နေသည်ကတစ်ကြောင်း မြင်ကွင်းများ မသဲကွဲလှ။ရှေ့မှတစ်ကွေ့ကျော်လျှင်တိုက်နယ်ဆေးရုံဟောင်းတစ်ခုရှိလိမ့်မည်။ထိုဆေးရုံတွင် မီးဖွားရန်အဆင်ပြေကောင်းပြေနိုင်သည်။ အကွေ့ကြီး၍ လမ်းမချော်စေရန် သတိထားနေရသည်။ ရုတ်တရက် ကားရှေ့ ပြေးဝင်လာသော အရိပ်တစ်ခု။

"တီ----"

"ကျွီ"

သူသတိကြီးစွာ ဘရိတ်နင်းလိုက်သော်လည်း အချည်းနှီးသာ။

"ဒုန်း"

စိုးထိတ်စွာမျက်လုံးဖွင့်ကြည့်မိတော့ ပထမဦးစွာ သတိရမိသည်က ကိုယ်ဝန်ဆောင်ဇနီးသည်။
ဘေးခုံကို ကြည့်မိတော့ ဇနီးသည်သည် မလှုပ်မယှက်။ သားဦးလေးရောဇနီးသည်ကိုရောလည်းအဆုံးရှုံးမခံနိုင်။ထို့အတူ မိမိကိုယ်တိုင်လည်း ကားတိုက်ပြေးသူအဖြစ်အခံနိုင်။ ကြံရာမရသည့်အဆုံး ကားပေါ်မှဆင်းကာ ကားရှေ့ခပ်ဝေးဝေးတွင် သွေးအိုင်ထဲလဲနေသော ကလေးငယ်ကို ခေါ်ကာ တိုက်နယ်ဆေးရုံသို့ သုတ်ခြေတင်မောင်းနှင်လာခဲ့တော့သည်။

"ကျွီ"

"ဒုန်း"

အဝေးပြေးလမ်းမကြီးနှင့်မဝေးလှသော တောစပ်တစ်နေရာတွင် နှိပ်စက်ခံရကာသေဆုံးသွားသောအမျိုးသမီးတစ်ဦး၏အလောင်းရှိနေသည်။ထို့အတူ အဝေးပြေးလမ်းမကြီးပေါ်တွင်လည်း ကားဖြင့်တိုက်မိ၍သွေးအိုင်ထဲတွင် လဲနေသော ကလေးငယ်တစ်ဦးရှိနေခဲ့သည်။

ထိုညက မိုးသည် အညိုးကြီးစွာ သည်းကြီးမဲကြီး ရွာသွန်းနေခဲ့လေသည်။

၁၉၉၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့၊
ည ၁၁ နာရီ ၄၅ မိနစ်ခန့် တွင် တိုက်နယ်ဆေးရုံ ခွဲခန်းအတွင်းအမည်မသိ အသက် ၈ နှစ်အရွယ် ယောက်ျားလေးတစ်ဦး အသက်ဆုံးရှုံးခဲ့သည်။

ထို့အတူ တစ်ချိန်ထဲမှာပဲ မီးဖွားဆောင်တွင် ယောက်ျားလေးတစ်ဦး
မွေးဖွားခဲ့လေသည်။

TBC
Mann....
May27, 2020

𝕭𝖊𝖞𝖔𝖓𝖉 𝕳𝖆𝖙𝖗𝖊𝖉Nơi câu chuyện tồn tại. Hãy khám phá bây giờ