"တော်ပါတော့ အကိုလေးရယ်"
ဘေးက ဒေါ်ရီတတွတ်တွတ်ပြောနေပေမဲ့လည်းသူမကြားနိုင်။မရပ်တန့်နိုင်။ ကိုဆက်ကိုမေ့ဖို့ ဒီအရည်တွေလိုသည်။
"ဒီအတိုင်းဆို အကိုလေးပဲ ထိခိုက်မှာ"
"တစ်ပတ်" ဆိုသောအချိန်ကားမျက်စိတစ်မှိတ်အတွင်းကုန်လွန်ခဲ့ပြီသာ။ တစ်နေ့တစ်နေ့အချိန်ကုန်တာတော့ သူသိသည်။ မိုးလင်းသည်။ မိုးချုပ်သည်။ နေ့နေ့ညည ဝရံတာတွင် အရက်ပုလင်းနှင့်ထိုင်ရင်း ကိုဆက်ပြန်လာမည်ကိုစောင့်သည်။
"ကိုဆက်ကို သွားခေါ်..... အခုခေါ်ပေးး
ဆက်ကောင်းးးသာ!!!! ထွက်ခဲ့ !!!! အခုထွက်ခဲ့"
သူသိသည်။ ကိုဆက်ထွက်သွားတာသူသိသည်။ သို့ပေမဲ့လည်း နှလုံးသားကလက်မခံပါ။ မြင်နေသည်။ကြားနေသည်။ ကိုဆက်သူ့နားမှာရှိနေဆဲပဲ။ နေရာတိုင်း ကိုဆက်ကိုတွေ့နေရတာ သူဘာလုပ်ရတော့မလဲ။
"အကိုလေး စိတ်ထိန်းပါဦး။"
"အခုခေါ်ပေး။
မလာရင် ဒီပေါ်ကခုန်ချမယ်လို့ပါပြောလိုက်"
ဒယီးဒယိုင်လျှောက်ရင်း ဝရံတာလက်ရန်းကို ကျော်တက်နေမိသည်။
"အကိုလေး ပြန်ဆင်းခဲ့ပါ။
အကိုလေး ပြုတ်ကြပါ့မယ် ..ဆင်းခဲ့ပါ"
ပြုတ်ကြမည်မှန်းသိသည်။ကိုဆက်ပြန်မလာဘူးဆိုသည်ကိုလည်းသူသိသည်။ သို့ပေမဲ့... တကယ်လို့ သူသာထိခိုက်သွားတယ်ဆိုရင်...အန္တရာယ်ဖြစ်သည်ဆိုရင်....ဒါတွေ ကိုဆက်သိရင် ပြန်လာမှာ။
ဟုတ်တယ်။
သူနည်းနည်းအနာခံလိုက်တာနဲ့ ကိုဆက်ပြန်လာမှာ။
တွေးရင်း ငေးရင်း ဆွေးရင်း စဉ်းစားရင်းသာ လက်ရန်းကိုကိုင်ထားသည့်လက်အစုံကို လွှတ်ချလိုက်တော့သည်။
#ကိုဆက်ရေ....မောင့်ကိုလာကြည့်ပါဦးလား#
သူတွေ့နေတာအရိပ်လေလား...တကယ်ပဲလား....သူမခွဲခြားတတ်။ သေချာတာတစ်ခုကတော့ ကိုဆက် သူ့ကို ပြုံးပြနေခဲ့ပါသည်။
