"ကိုဆက်ရေ"
အမောတကောပြန်လာပြီးတော့လည်းထပ်မံအမောဆို့ရပြန်၏။ အိမ်တံခါးသည်သော့ပိတ်ထားဆဲ။ သူထွက်သွားတုန်းက အတိုင်းမဟုတ်တော့ လူကစိုးရိမ်လာ၏။ ကိုဆက်အား စိုးရိမ်တကြီး ဖုန်းခေါ်မိတော့လည်း တစ်ခါမဟုတ် နှစ်ခါမဟုတ် ဖုန်းကမအားသေးဟုသာဖြေနေပြန်သည်။
"တောက်
ကိုဆက်ရာ"
ဒီကနေ့မှ အိမ်သော့အပိုကလည်းယူမသွားမိတော့ အိမ်ရှေ့တွင်ထိုင်စောင့်ရုံမှတပါး။
#တီ#
"ဟဲလို ကိုဆက်
ကိုဆက် ဘယ်မှာလဲ။ "
"ဟေ့ရောင် အသစ် ။ ငါ ခန့်ညား"
မျှော်နေသည့်ဖုန်းမဟုတ်လေတော့ လူကပြန်ထိုင်ကျသွားရသည်။
"ပြော"
"အသံကိုက လဒ"
"ဟေ့ရောင် ဘာလဲပြော"
ခန့်ညားက ရွဲ့တဲ့တဲ့ပြောသည့်တိုင် သူစိတ်မရှည်စွာထပ်ငေါက်လိုက်မိသည်။
"အေးပါကွာ။ သံသာ လာ ရစ်နေလို့"
ထိုမိန်းမအသံကြားတော့ စိတ်ကထောင်းခနဲ။
"ငါနဲ့ဘာဆိုင်လဲ။ မင်းဘာသာမင်း ကြည့်ရှင်းလိုက်ကွာ။ ငါမပတ်သက်ချင်ဘူး"
"မဟုတ်ဘူးဟေ့ရောင်"
သူဖုန်းချပစ်ရန်သာ ကြံစည်လိုက်တော့၏။
"ဟာ အသစ်
ဆက်ကောင်းသာ....."
ကိုဆက်နာမည်ကြားကာမှ သူပျာပျာသလဲနားထောင်ရသည်။
"ဘာလဲ။ ကိုဆက်လား။ ကိုဆက်အဲ့မှာလား"
"အေး။ ခုငါ့ဆိုင်မှာ သံသာနဲ့ စကားပြောနေတယ်"
ခန့်ညားပြောလိုက်သော စကားတို့ကြောင့် သူသွေးပင်တက်ချင်သွားရ၏။ ကိုဆက်နှင့် ထိုမိန်းမ မည်သို့မျှ ဆုံ၍မဖြစ်ပါလေ။
"မင်းကြည့်ထိန်းထား။ ကိုဆက်အခြေအနေသိတယ်နော်။ ဘာမှ မလွန်စေနဲ့"
"အေး မင်းသာမြန်မြန်လာ"
ဖုန်းချပြီးသည်နှင့် ကပြာကယာ ပြေးရတော့သည်။ ဒီလိုအချိန်မျိုးတွင်တော့ သူ့ကားလေးကို သတိရမိ၏။ အခုတော့ ၉၆၉၃ ဘဝနှင့်သာ။
