"ကိုဆက်"မနေ့ညက ငိုလွန်းထားသည်ကတစ်ကြောင်း၊ စိတ်ထိခိုက် ခဲ့ရသည်ကတစ်ကြောင်းမို့ ဆက်ကောင်းသာတစ်ယောက် အိပ်မောကျနေ၏။
မနက်ခင်းနေရောင်လွင်လွင်အောက်တွင် အိပ်ပျော်နေသည့်ကိုဆက်ကိုကြည့်ရင်း သူ့မယ် ကြည်နူးမဆုံး။
ယခုဆိုလျှင် သူနှင့်ကိုဆက်ကြားတွင် မည်သည့်အတားအဆီးမျှမရှိတော့ပေ။ ထို့အတူ မည်သည့်အထင်လွဲမှုမျိုးမှလည်း မရှိတော့။
သူ့ကိုယ်သူလည်း အံ့သြမဆုံး။ မနေ့ကကဲ့သို့ကိစ္စမျိုးသည် ယခင်က မော်ကွန်းသစ်သာဆိုလျှင် စိတ်မထိန်းနိုင်ပါပဲ အမှားတစ်ခုခုကျူးလွန်မိလောက်၏။ သို့မဟုတ် ကိုဆက်နှင့်သူ တစ်သက်တာ ဝေးကွာသွားရမည့်အကြောင်းအရင်းလည်း ဖြစ်သွားနိုင်သည်မလား။
"မောင် နိုးနေပြီလား"
ကိုဆက်ကိုငေးကြည့်ရင်း အတွေးလွန်နေတော့ နိုးလာသည်ပင် သတိမပြုမိလိုက်ပေ။
"ကိုဆက်....မောင့်ကြောင့် နိုးသွားတာလား"
အိပ်ချင်မူးတူး မျက်လုံးလေးအား အသာပွတ်ရင်း ခေါင်းခါ၏။
"မောင် အစောကြီးနိုးနေတာပဲ"
"မစောပါဘူးကွာ။ ခါတိုင်းဆို ကိုဆက်အတွက် မောင်က မနက်စာ ပြင်ပေးရတာကိုး။ အကျင့်ပါနေပြီ"
သူပြောလိုက်တော့ စိတ်မကောင်းသည့်ဟန် မျက်နှာလေးညိုးကာ ခေါင်းလေးတစ်ချက်ငုံ့သွားတော့သည်။
"မောင့်ကိုညာမိတာ တောင်းပန်တယ်"
ကိုဆက်သည် တစ်ခါတရံထိုသို့လည်း သူခွင့်လွှတ်ပြီးသား ကိစ္စအတွက်ထပ်ခါတလဲအားနာနေတတ်သေး၏။
"ကိုဆက်ရာ ... တောင်းပန်စရာမလိုပါဘူး။ ကဲ ထ
ရေမိုးချိုး။ မနက်စာပြင်လိုက်တော့မယ်။စားရအောင်"ပြောပြီး မနက်စာပြင်ရန်ထလိုက်တော့ လက်ကို ကမန်းကတမ်း ဖမ်းဆွဲလာတဲ့ ကိုဆက်။
"မောင်"
ကုတင်ပေါ်မှနေရင်း ညိုးညိုးငယ်ငယ်မော့ကြည့်လာတဲ့ ကိုဆက်ကြောင့် သူ့မှာ ရတက်မအေး။