မနေ့ညကတည်းကခုထိမအိပ်ရသေး။သူအပူတပြင်းသာလိုက်ရှာနေမိတော့သည်။ကိုဆက်သွားတတ်သောနေရာတွေလည်းအကုန်ရောက်ခဲ့ပြီးပြီ။
ဟိုတစ်နေ့ကပြန်သွားပြီးသည့်နောက်လူချင်းမတွေ့ဖြစ်ကြသည့်တိုင်ဖုန်းလည်းအဆက်အသွယ်မရှိဖြစ်ခဲ့ရသည်။သူလည်းမေမေ့ကျန်းမာရေးကြောင့်အလုပ်တွေရှူပ်နေလေတော့ကိုဆက်နဲ့မတွေ့ဖြစ်ခြင်းသာ။
မနေ့ကမနက်အစောပိုင်းလောက်ကကိုဆက်သူငယ်ချင်းဆိုသူကောင်မလေးတစ်ယောက်ကဖုန်းဆက်လာသည်။ကိုဆက်ကျောင်းမတက်တာသုံးလေးရက်လောက်ရှိပြီ၊ဘာဖြစ်လို့လဲဆိုပြီးပြောမှသူလည်းအကြောင်းအရင်းသိရတော့သည်။
ကိုဆက်ဘာတွေများဖြစ်နေတာလဲ။ဘာလို့များသူ့ကိုအဆက်အသွယ်မလုပ်ရတာလဲ။သူနဲ့ကိုဆက်လာနေကျဆိုင်တွေလည်းစုံခဲ့ပြီ။ဘယ်လိုမှရှာမတွေ့။ကိုဆက်အိမ်ကိုသွားရှာမိပြန်တော့လည်းခရီးသွားတယ်တဲ့။ခရီးသွားတာတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်မှန်းသူသိသည်ပဲလေ။နောက်ဆုံးကိုဆက်သွားနေကျစာအုပ်ဆိုင်လေးဘက်သာသူလှမ်းလာမိသည်။အေးအေးဆေးဆေးနေတတ်သောကိုဆက်ကစာအုပ်တွေနဲ့အချိန်ကုန်ရတာကြိုက်တယ်လို့ပြောဖူးတယ်မလား။ဆိုင်ထဲဟိုဟိုဒီဒီရှာမိသော်လည်းကိုဆက်ကရှိမနေ။သူမစဉ်းစားတတ်တော့။ကိုဆက်ဘယ်တွေရောက်နေလဲ။ဟိုလူတွေလက်ထဲသာဆို...သူဆက်မတွေးရဲတော့ပါ။သူတွေးမိသလိုမဖြစ်ပါစေနဲ့လို့သာအလောတကြီးနဲ့ခပ်တိုးတိုးဆုတောင်းနေမိတော့သည်။တကယ်လို့ကိုဆက်သာတစ်ခုခုဆိုသူ့ကိုယ်သူခွင့်လွှတ်နိုင်မယ်မထင်ပါဘူးလေ။
ရုတ်တရက်ထောင့်နားလေးမှာလှစ်ခနဲတွေ့လိုက်ရသော.....အရိပ်ကလေးတစ်ခု။ကိုဆက်များလား။
"ကိုဆက်"
သူလှမ်းခေါ်ရင်းထိုအရိပ်လေးနောက်ကိုသာအပြေးတစ်ပိုင်းလိုက်လာမိတော့သည်။
"ကိုဆက်"
မည်မျှပင်ခေါ်နေစေကာမူလှည့်ကြည့်မလာခဲ့ပေ။သို့သော်လည်းခြေတံရှည်ရှည်တွေနဲ့ပြေးလိုက်လေတော့ရှေ့ကနေဘယ်လောက်သွားနိုင်မှာတဲ့လဲ။နောက်ဆုံးတော့သူဖမ်းမိလိုက်နိုင်ပြီ။
