ယနေ့မနက်ခင်းသည် သာယာစွာ။ သူနိုးလာတော့ ကိုဆက်က အိပ်ပျော်နေဆဲဖြစ်ရာ သူ့လက်မောင်းပေါ် ခေါင်းအုံးထားသည့် ကိုဆက်ကို မနိုးစေရန်အသာမရင်း ခေါင်းအုံးလေးပေါ်ပြောင်းတင်ပေးလိုက်သည်။
ပြောင်းပေးလိုက်တော့လည်း အလိုက်သင့်ပင် တအင်းအင်းတအဲအဲဖြင့် တစ်ဖက်စောင်းကာ ပြန်အိပ်သွားပြန်၏။
ဝေဒနာခံစားနေရသည့်ကိုဆက်သည် ရောဂါကြောင့်ပဲလားတော့မပြောတတ်။ အရင်နှင့်ကွဲပြားနေသည်ကတော့အမှန်ပင်။ တစ်ခါတရံသူ့အား ကလေးလေးလို ဆိုးတတ်သည်။ တစ်ခါတရံကျပြန်တော့ ချစ်သူအရင်းအချာလို လုပ်နေတတ်ပြန်၏။ ဟိုအရင်ကကဲ့သို့လူကြီးပေါက်စလေးမဟုတ်တော့သည့်တိုင် အခုအခါ အမှန်ပင် ကလေးပေါက်စလေး ဖြစ်မှန်းမသိဖြစ်နေခဲ့တော့သည်။
ဖြူစင်စွာ အိမ်မောကျနေ ရှာသည့် ကိုဆက်ကိုကြည့်ရင် သူပြုံးမိပါရဲ့။ အပူအပင်မရှိ အေးချမ်းစွာအိပ်ပျော်နေသော ကိုဆက်၏ မျက်နှာကလေးသည် ပကတိကြည်လင်လျှက်ပင်။
" မောင့် ကိုဆက်လေး "
အသည်းယားစွာ နှာခေါင်းလေးကို အသာညစ်မိတော့ မျက်ခုံးလေးက တွန့်ခနဲ။
" ချစ်တယ် ကိုဆက်ရယ် "
နှဖူးလေးကို ခပ်ဖွဖွ အနမ်းဆိုရုံလေး ပေးမိတော့ နှုတ်ခမ်းလေး တွန့်ရုံ ပြုံးယောင်သန်းသွားပြန်ရော။
#####
ဖုန်း၏ တုန်ခါမှုကြောင့် သူတစ်ချက်ကြည့်မိသည်။ ကိစ္စအထွေအထူးမရှိတော့သည့်တိုင် ကိုချိန့်တို့နှင့်တော့ ဆွေးနွေးသင့်သေးသည်မလား။
ကိုဆက်မနိုးခင်တော့ သူအိမ်က ဘယ်မှသွား၍မဖြစ်ချေ။ တော်ကြာ တစ်ဖန်တလဲလဲ မှတ်မိနေတဲ့ အကြောင်းတွေနဲ့များ လန့်နိုးလာရင် ကိုဆက်နဲ့သူ တကယ်ဝေးသွားရလိမ့်မည်။
အခန်းအပြင်ဘက်သို့အသာထွက်လာရင်းသာ ကိုကို့ဆီဖုန်းခေါ်ရတော့သည်။
"ကိုကို"
"အင်း ညီညီ... ဒီနေ့ လာခဲ့ပါလား
ကိုယ်တို့ စကားမပြောရတာကြာပြီလေ"
{ ကိုချိန့်... ညီညီနဲ့ ဖုန်းပြောနေတာဗျာ
ငြိမ်ငြိမ်နေ}
ဖုန်းထဲမှတစ်ဆင့်ကြားနေရသောအသံများကြောင့် သူပြုံးမိပါရဲ့။ ဘာလိုလိုနဲ့ ကိုချိန့်နှင့် ကိုကိုတောင် ပျော်ရွှင်စရာဘဝလေးတစ်ခု ပိုင်ဆိုင်နေကြပြီ။ သူသာ...
