သူရောက်တဲ့အချိန်မှာမော်ကွန်းသစ်အခန်းလေးဟာသော့ခတ်ထားဆဲပင်။အချိန်ကိုကြည့်မိတော့လည်းညဆယ်နာရီခွဲ။ပုံမှန်ဆိုဒီအချိန်ဟာမောင်အိမ်ပြန်ရောက်လို့အိပ်တောင်အိပ်နေရမှာမလား။မထူးတော့။ရောက်လာမှတော့တွေ့သွားရမည်။မောင်ပြန်လာတဲ့အထိစောင့်ရုံပေါ့။ရုတ်တရက်လွယ်အိတ်ထဲကဖုန်းလေးကတုန်ခါလာတော့မောင်ဖြစ်ပါစေလို့သူတိတ်တိတ်ဆုတောင်းမိသည်။
"အသာ နင်ပြန်မလာသေးဘူးလား"
အဝင်ဖုန်းကိုလက်ခံလိုက်သည်နှင့်တစ်ဖက်ကနေအော်ထည့်လိုက်သော အစ်မဖြစ်သူ လင်းလက်သာ။
"ဖြည်းဖြည်းပြောပါ အမရာ
ငါကြားပါတယ်ဟ"
"ဟဲ့ အသာ
နင်ဘယ်တွေသွားနေပြန်တာလဲ။
နင့်ကြောင့်ငါပါ အိမ်ပေါ်ကဆင်းရတော့မယ်"
အရင်ရက်ပိုင်းတွေသူမောင့်ဆီလိုက်နေချင်လေတော့အစ်မဖြစ်သူကိုဖြစ်ကြောင်းကုန်စင်ပြောပြပြီးအမေ့ကိုကူပြီးလိမ်ပြောပေးဖို့စစ်ကူတောင်းရသည်။တစ်ခုအဆင်ပြေသည်က အစ်မကဆရာဝန်ဖြစ်သည့်အလျောက်ဒီသဘောတရားတွေကိုနားလည်ပေး၍သာတော်တော့သည်။ဒါတောင်ပြီးခဲ့တဲ့တစ်ပတ်ကိုအမေ့ခွင့်ပြုချက်နဲ့ အချိန်ပိုင်းတိုးဂိုက်လိုက်ခဲ့လို့။နို့မိုသူခရီးသွားရတယ်ဆိုတာအမေဘယ်လိုမှယုံမည်မဟုတ်တာသူသိသည်။
"ငါခု ဘားအံမှာလို့ပြောလိုက်လေဟာ"
"အေး
အမေကနင့်ထက်လည်တယ်နော်
လည်တာမှမွှတ်လို့။
အခုငါဘာပြောပြောမယုံတော့ဘူး။
နင့်ကိုအိမ်အမြန်ပြန်လာခိုင်းဆိုတာချည်းပဲ"
ဒီနေ့တော့သူအိမ်မပြန်လို။မောင့်ကိုတွေ့ရမှဖြစ်မည်။သူတောင်းပန်ချင်သည်။မောင်နဲ့ပြေလည်မှုယူရမည်။
"ဒီလိုလုပ်ဟာ
မနက်ဖြန်ညရောက်မယ်လို့ ပြောလိုက် အမေ့ကို
နော်....လုပ်ပါ အမရာ ....ဒီတစ်ခါ နောက်ဆုံးပါ"
"အေးဟာ အေးဟာ
နင်နဲ့လည်းခက်တယ်
မနက်ဖြန်တော့ တကယ်ပြန်ခဲ့တော့"
အလောတကြီးဖုန်းချသွားသောအစ်မကိုကြည့်ရတာအမေအနားရောက်လာလို့ဘဲဖြစ်မှာ။သူပြုံးမိပါရဲ့။သူ့လည်းဒီအစ်မတစ်ယောက်ပဲအားကိုးနေရတာကိုး။
