ရက်သတ္တပတ်အနည်းငယ်ကုန်လွန်ခဲ့ပြီ။စိုင်းဘုန်းတို့နှင့်အဆက်အသွယ်မလုပ်ဖြစ်သလိုကျောင်းမရောက်သည်မှာလည်းနှစ်ပတ်နီးပါးပင်ရှိတော့မည်။ယခုအချိန်တွင်သူဘယ်သူတစ်ဦးတစ်ယောက်နှင့်မျှမတွေ့လို။ဦးနှောက်ထဲတွင်အတွေးပေါင်းစုံဖြင့်ရှုပ်ထွေးလွန်းလှသည်။အရာရာကအသစ်အဆန်းလိုသာ။ယုတ်စွအဆုံးသူ့အသက်အရွယ်သည်ပင်သူသိထားသလိုမဟုတ်တော့။
"အသာ"
အခန်းဝကဝင်လာသောအမဖြစ်သူက သူ့အားစိတ်မသက်သာစွာကြည့်သည်။
"ဒီနေ့တော့ ကျောင်းတက်ပါတော့ဟာ။
နင်ဒီလိုစိတ်ညစ်နေလို့ပြီးမဲ့ကိစ္စတွေမှမဟုတ်ဘဲ"
ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည်သူ့အမှားမပါသည့်တိုင်လူရှေ့သူရှေ့ထွက်ရမည့်အရေးသူမျက်နှာပူလှသည်။ဒီအသက်အရွယ်ထိဖြတ်သန်းခဲ့ရသောသူဘဝသည်အတုအယောင်ဟုသာခံစားမိနေသည်။
"မောင်လေး
ငါပြောတာ နားထောင်။
ဒါတွေကနင်ဖြစ်ချင်လို့ဖြစ်လာတာတွေမှမဟုတ်တာ။ပြီးတော့ ကြုံလာတဲ့ဟာကို ဘယ်လို ဖြေရှင်းမလဲပဲ
နင်တွေးရမှာ။ ဒီမှာ ငါပြောပြမယ်။ ဒီကိစ္စတွေက နင့်အမှားမဟုတ်ဘူး"
ဒီနှစ်ပတ်အတွင်း သူ့အားချော့တစ်ခါခြောက်တစ်လှည့်နှင့်နားချနေရှာသောအစ်မဖြစ်သူကိုလည်းသူအားနာလှသည်။အမှန်ဆိုသူစိတ်မအေးသည်က မမှတ်မိရသည့်အကြောင်းအရင်းများကြောင့်သာ။လက်ခံရမည့်အကြောင်းအရာတို့သည်သူ့အတွက်စိမ်းလွန်းသောအသစ်စက်စက်ဘဝတစ်ခုသာ။အမှန်အတိုင်းဆိုလျှင်သူ့မိဘများကိုသတ်ခဲ့သည့်တရားခံကလည်းအပြစ်ဒဏ်ကျခံနေနှင့်ပြီ။သူဘာကိုအခဲမကျေသလဲသူကိုယ်တိုင်ပင်နားမလည်နိုင်တော့။
"ကဲ ထ
ကျောင်းသွားတော့
နော်
နင်က လိမ္မာပါတယ်ဟာ"
အစ်မကပြောပြီးသည်နှင့်အခန်းထဲမှထွက်ကသူ့ထမင်းချိုင့်အတွက်ပြင်ဆင်ပေးနေလိမ့်မည်။မထူးတော့။လေးပင်နေသောခြေလက်တို့ကိုမသယ်ချင်သယ်ချင်ဖြင့်သာကျောင်းသွားရန်ပြင်ဆင်ရတော့သည်။
🦋🦋🦋🦋🦋
ကျောင်းခန်းထဲဝင်ခါနီးဆဲဆဲ
သူ့ခြေလှမ်းတို့ရပ်တန့်ကုန်၏။
