"ဟဲ လို အ သာ"
မနက်ကမှ အိမ်ကပြန်သွားသည်။
အခုဖုန်းဆက်သည်။
"ပြော"
သူဆောင့်ကြီးအောင့်ကြီးထူးမိသည်ထင့်။ဟုတ်သည်။အမြဲတစေကလေးတစ်ယောက်လိုတကောက်ကောက်လိုက်ကပ်နေသည်ကိုတော့သူတကယ်မကြိုက်ပါ။
"ငါ
ငါ"
မော်ကွန်းသစ်အသံသည်သိပ်မူမမှန်လှ။ညကမိုးမိထားသည်မို့ဆေးတိုက်၍အိမ်ပြန်လွှတ်ခဲ့သော်လည်းအဖျားလေးနည်းနည်းရှိနေသည်ကိုသူသတိထားမိပါသည်။
"အသစ်
ဟေ့ရောင်
ဘာဖြစ်နေတာလဲ"
အသက်ရှူသံပြင်းပြင်းကိုကြားနေရသည်။
ထိုအတူညဉ်းတွားသံတစ်ချို့။
"ငါ့..... ကို..... ကယ်........ပါ"
တစ်လုံးချင်းပြောလာသောစကားသံတစ်ချို့နောက်တွင်တော့ဖုန်းလေးကကျသွားခဲ့ပြီသာ။သူစိတ်ထဲဗလောင်ဆူလာသည်။ဘာလုပ်လို့လုပ်ရမယ်မှန်းလည်းမသိ။အမှန်ဆိုဘာမှမဆိုင်တဲ့လူတစ်ယောက်ပဲပစ်ထားလိုက်ပေါ့လို့ပေါ့ပေါ့တန်တန်တွေးမိပြန်တော့ ရင်ဘတ်တစ်နေရာကဆစ်ခနဲအောင့်သည်။ဘာပဲဖြစ်ဖြစ်ရင်းနှီးတဲ့လူတွေမလား။တစ်ခုခုဆိုသူကူညီသင့်သည်မလား။ အတွေးဆုံးသည်နှင့် မော်ကွန်းသစ် တိုက်ခန်းဆီသို့သာ အပြေးတစ်ပိုင်းလာခဲ့လိုက်တော့သည်။
-
-
-
အသစ်အိမ်ရောက်တော့လည်း တံခါးကသော့ပိတ်ထားဆဲ။ဘယ်ဆီသွားရှာရမှန်းလည်းသူကိုယ်တိုင်မသိ။သူစိတ်ပူပါသည်။တစ်ယောက်တည်းနေတဲ့အသစ်အတွက်သူတကယ်ဘဲရတက်မအေးလှပါ။
"ဦးလေး ဦးလေး
ဒီအခန်းက ကောင်လေးကိုတွေ့မိလားဟင်"
ကွန်ဒိုမီနီယမ်တွေမလို့ security ဦးလေးကြီးများသိလိုသိငြားသူအားကိုးတကြီးမေးမိသည်။
"ဟို အရပ်ရှည်ရှည်နဲ့ကောင်လေးလား
နဖူးကအမာရွတ်လေးနဲ့.."
"ဟုတ်တယ် ဟုတ်တယ်
တွေ့မိလားဟင်? တံခါးကလည်း ပိတ်ထားလို့"
တစ်ချက်စဉ်းစားသလိုလုပ်နေပြီးမှပြန်ဖြေသည်။
"မနက်ကတော့ဝင်သွားတာတွေ့တယ်။
အပြင်ပြန်ထွက်လာတာတော့မတွေ့မိသေးဘူး "
