ခေါင်းထဲတဆစ်ဆစ်ကိုက်ရင်းသူနိုးထလာမိသည်။ညကသောက်ထားသောအရှိန်ကြောင့်မျက်လုံးကတော်တော်နှင့်ဖွင့်မရသော်လည်းသူတစ်ခုခံစားမိသည်ကသူ့လက်မောင်းပေါ်ကလေးလေးပင်ပင်အရာတစ်ခု။အားယူကာမျက်လုံးကိုဖွင့်ပြီးကြည့်မိတော့သူ့လက်မောင်းပေါ်ခေါင်းအုံးရင်းရင်ခွင်ထဲမြုပ်နေအောင်တိုးဝှေ့အိပ်နေရှာတဲ့ ကိုဆက်ရယ်။သူကလည်းကိုဆက်ကိုယ်လုံးလေးကိုပြန်လည်ဖက်တွယ်လို့။သူပြုံးမိပါသည်။မနေ့ကကိစ္စတွေခေါင်းထဲမရှိတော့။အခုတော့ကိုဆက်သူ့ရင်ခွင်ထဲပြန်ရောက်လာလေပြီ။
မှိတ်ထားတဲ့မျက်ခွံတွေဟာဖောင်းအစ်လို့။ကိုဆက်ညကငိုထားလေသလား။မျက်တောင်တွေဟာယောင်္ကျားလေးနှင့်မလိုက်ဖက်စွာကော့ညွှတ်လို့။နှာတံမပေါ်တဲ့နှာခေါင်းလေးကတော့တရှူးရှူးနဲ့။ယောက်ျားမဆန်တဲ့ခပ်ထူထူနှုတ်ခမ်းတစ်စုံဟာဖွင့်ဟနေရင်းလေမဝသလို။ခြုံငုံကြည့်ရင်ကိုဆက်ကသူ့ထက်အသက်ကြီးသည်ဟုမထင်ရက်စရာဖြူဖြူပုပုကောင်လေးတစ်ယောက်မလား။
လက်မောင်းပေါ်တစ်ညလုံးခေါင်းအုံးထားသည်ထင့်။သူ့လက်ကတော်တော်နှင့်လှုပ်မရ။ဒါပေမဲ့ကိုဆက်နိုးသွားမည်ဆိုးတာတစ်ကြောင်း၊ဒီအခြေအနေလေးကိုကြာရှည်နေစေချင်တာကတစ်ကြောင်းဆိုတော့ထုံကျဉ်နေတဲ့လက်မောင်းကိုဥပေက္ခာပြုရင်းစားပွဲပေါ်တင်ထားတဲ့ဖုန်းလေးကိုပဲအသာလေးလှမ်းယူမိတော့သည်။
မစ်ကောလ်ပေါင်းများစွာ၊မက်ဆေ့ချ်ပေါင်းများစွာဖြင့်။
ကိုချိန့်အောင်ချေ
"ဖုန်းခေါ်ပါ"
"ဆက်ကောင်း မင်းဆီလာတယ်"
"သူတို့ အစီစဉ်စနေပြီ။
သတိဝီရိယနဲ့နေပါ"
အကို့ဆီကပို့ထားသမျှမက်ဆေ့ချ်တွေကိုဖတ်ရင်းသူပြုံးမိပါသည်။ကိုဆက်နဲ့ အဆင်ပြေတယ်ဆိုရုံအနေအထားလေးမှာပဲ နောက်ပြသနာတစ်ခုစပြန်ပြီမလား။ဒီတစ်ခေါက်လို ကိုဆက်သူ့ဆီပြန်လာမဲ့နေ့တွေတော့ထပ်ရှိလာတော့မှာမဟုတ်တာတော့ဘယ်သူမှသတိမပေးလည်းသူသေချာသိသည်။
#တစ်သက်လုံးကံကောင်းခဲ့တဲ့မောင်က
ကိုဆက်နဲ့ပတ်သက်ရင် မျက်နှာသာကိုမရတာ
ကိုဆက်တစ်ယောက်သိရောသိပါ့မလား#
