ယနေ့မနက်ခင်းသည်ပုံမှန်လိုအသက်ဝင်လှုပ်ရှားမြဲ။ကျောင်းကြီးသည်ယနေ့အလွန်ထူးခြားနေသော်လည်း သူ့အဖို့တော့ ဒါတွေစိတ်ဝင်စားချိန်မရပေ။ အတန်းထဲစောစောသွားပြီးလွတ်သွားတာတွေကူးရပေဦးမည်လေ။ကျောင်းတစ်ရက်ပျက်သွားသည်မလား။
"ပွမ်"
အနောက်ဘက်ဆီမှ ဟွန်းသံသည် အတန်းဆီသို့ခပ်သုတ်သုတ်လျှောက်လာနေသောသူ့အတွက်တော့ လန့်စရာပင်။
"အောင်မလေး"
ဘေးကိုကပ်လိုက်ကာမှပင်ချော်လဲတော့သည်။
ခြေမခိုင်သောသူ့အတွက် လဲကျခြင်းသည်အဆန်းမဟုတ်တော့သော်လည်း အနည်းငယ်ရှက်စိတ်တော့ဖြစ်မိသည်။
ခြေထောက်ခေါက်၍လဲခြင်းကြောင့်လား၊
နှစ်နှစ်လောက်စီးထား၍လားမပြောတတ်သော သြကတ္ထီပါလေးသည် နောက်ဆုံးတော့ သူ့ကို နှုတ်ဆက်သွားလေပြီ။ လဲကျ၍ပွန်းသွားသောဒဏ်ရာများကအရေးမကြီး၊ ဖိနပ်ပြတ်သွားသည်ကသာအရေးကြီးသည်။ပြတ်သွားသောဖိနပ်လေးအားနှမြောတသသနှင့်ကြည့်နေစဉ်ရုတ်တရက်အနားရောက်လာသော အရိပ်တစ်ခု။
"ထနိုင်လား"
မနက်ခင်းနေရောင်အားကျောပေးအနေအထားဖြင့်မေးလာသောသူဖြစ်ရာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းသူမသိ။သို့သော် စောနက ကားပေါ်မှလူဆိုတာတော့ သေချာသည်။
"ဒီမှာ မင်း ထနိုင်လား မထနိုင်ဘူးလား"
သူ့ကြောင့်ဒီလိုဖြစ်သွားသည့်လူကို အမိန့်ပေးသလို အော်သလိုလုပ်နေသည်ကတော့သိပ်မဟုတ်သေး။
ကျောက်ခဲကြောင့်ကွဲသွားသောဒဏ်ရာအား ဖုန်ခါသည်။ပြီးတော့ အားယူကာ မတ်တပ်ရပ်လိုက်သည်။
"ဒီမှာ"
မတ်တပ်ရပ်လိုက်သော်လည်းထိုသူ၏ရှည်လျားသောအရပ်အမောင်းကို မော်ဖူးကြည့်နေရ၍အနည်းနောက်ဆုတ်လိုက်ရပြန်သည်။
"ဟင်"
အခုမှရှင်းရှင်းလင်းလင်းမြင်ရသောမျက်နှာသည်သူ့အားတုန်လှုပ်စေသည်။
"ကြည့်ရတာအေးဆေးပါပဲ။
ကဲ သွားပြီ ချာတိတ်"
ထိုလူသည်သူ့အားတစ်ချက်မျက်စပစ်ပြကာသာပြောပြောဆိုဆိုထွက်သွားတော့သည်။ တောင်းပန်စကားမဆိုထားနှင့် ဝတ်ကျေတန်းကျေဆောရီးလို့ပင်မပြောသွားပေ။
